ငှက်ပျောသီးတွင် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် အကျိုးကျေးဇူးများ အပြည့်ပါဝင်သည့်အတွက် လူများကနှစ်နှစ်ခြိုက်ခြိုက်စားသုံးကြပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကျန်းမာစေရန်အတွက် လိုအပ်သည့် ဗီတာမင်နှင့်သတ္တုဓာတ်များလည်း အစုံအလင်ပါဝင်ပါတယ်။

သို့သော်လည်း ငှက်ပျောသီးစားသည့်အခါ လူများမသိနားမလည်ဘဲ ကျူးလွန်နေသည့်အမှားတစ်ခုမှာ အခွံကိုလွင့်ပစ်ခြင်းပဲဖြစ်ပါတယ်။ ထိုကဲ့သို့ သေချာမစဉ်းစားဘဲ စွန့်ပစ်လိုက်သည့် ငှက်ပျောခွံက မိမိတို့အသားအရေကို မည်မျှကောင်းကျိုးပေးနိုင်သလဲဆိုတာကို နားလည်သဘောပေါက်သွားစေရန် ရည်ရွယ်၍ မျှဝေပေးလိုက်ရပါတယ်။

ငှက်ပျောခွံကို အသုံးပြုကာ အံ့သြဖွယ်ကောင်းလှသော အသွင်အပြည့်ရှိသည့် အသားအရေရရှိရန်အတွက် အောက်ဖော်ပြပါ ရိုးရှင်းသောနည်းလမ်းလေးများကို လိုက်နာဆောင်ရွက်နိုင်ပါတယ်။

ပြုလုပ်ပုံ

ငှက်ပျောခွံတစ်ခုကိုယူလိုက်၍ ကပ်နေသေးသည့်အသားမှန်သမျှကို ဇွန်းဖြင့်ခြစ်ထုတ်ပစ်ပြီးနောက် အပိုင်းပိုင်းလေးများအဖြစ်စိတ်ကာ မျက်နှာတ၀ိုက်ကို စက်ဝိုင်းပုံအနေအထားဖြင့် ပွတ်သပ်ပေးပါ။ ၂ မိနစ်မှ ၃ မိနစ်အထိပွတ်သပ်ပေးပြီးနောက် ရေနွေးနွေးလေးဖြင့် မျက်နှာသန့်စင်ပေးပါ။ ထိုနည်းလမ်းလေးကို မနက်တိုင်းမှန်မှန်လုပ်ဆောင်ပေးပါက ၀င်းလက်တောက်ပသည့်အသားအရေကို တခဏအတွင်း ရရှိနိုင်မှာဖြစ်ပါတယ်။

ငှက်ပျောခွံသည် အာဟာရဓာတ်နှင့် ကာဗွန်ဟိုက်ဒရိုတ်ဓာတ်များကြွယ်ဝသကဲ့သို့ B6၊ B12၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်တို့လည်း မြင့်မားစွာပါဝင်ပါတယ်။ ငှက်ပျောခွံအမည်းရောင်သမ်းသွားချိန်သည် သကြားပါဝင်မှုပမာဏအများဆုံးအချိန်သာဖြစ်ပါတယ်။

ဝက်ခြံများ၊ အမာရွတ်များကို ဖယ်ရှားလိုသည့်အခါတွင် ငှက်ပျောခွံကိုအသုံးပြုခြင်းက အင်မတန်မှထိရောက်သည့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ထို့အပြင် အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်ခြင်းစသည့် ဇရာလက္ခဏာများဖြစ်ပေါ်ခြင်းများကို ဖြေဖျောက်လိုသည့်အခါမှာလည်း ငှက်ပျောခွံကိုအသုံးပြုပေးနိုင်ပါတယ်။