အလုပ်ခွင်ဝင်နေသူအဖို့တော့ အိမ်ထက် အလုပ်မှာ နေရတဲ့အချိန်က ပိုများပါတယ်။ ဒါကြောင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတာပိုများပါတယ်။ သင့်ရဲ့အလုပ်မှာ သင့်အောင်မြင်မှုတွေကို အသိအမှတ်ပြုပြီး သင့်ပြဿနာတွေကို နားထောင်ပေးတဲ့မိတ်ဆွေတစ်ယောက်ရှိဖို့ အရေးကြီးပါတယ်။ မဟုတ်ရင်တော့ သင့်အလုပ်ခွင်ဟာ အထီးကျန်ကမ္ဘာကြီးဖြစ်နေမှာပါ။

Gallup ကပြုလုပ်တဲ့လေ့လာမှုတစ်ခုမှာတော့ သင့်အလုပ်မှာ အနည်းဆုံးသူငယ်ချင်းတစ်ယောက်ရှိတာက သင့်ကို အလုပ်ပိုပြီးမြောက်စေပြီး လုပ်ဆောင်မှုပိုကောင်းမွန်စေတယ်လို့ ဆိုထားပါတယ်။ ဒီကနေတစ်ဆင့် လစာတိုးလာတာအထိ ဦးတည်နိုင်ပါတယ်။ ဒါကြောင့် ရုံးမှာ မိတ်ဆွေတစ်ယောက်ထားခြင်းရဲ့ တန်ဖိုးတွေကို ဝေမျှပေးလိုပါတယ်။

၁။ သူငယ်ချင်းရှိတာက အလုပ်ပြီးနိုင်ချေပိုများပါတယ်

ဒီလေ့လာမှုအရ အလုပ်မှာသင်ခင်မင်တဲ့ သူငယ်ချင်းရှိခြင်းက အလုပ်သွားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။ သင်ခင်မင်တဲ့ မိတ်ဆွေနဲ့ အတူရှိမယ့်နေရာလို့ သင်သိထားလို့ပါ။ ဒါကြောင့် ပိုပျော်ရွှင်လာပါတယ်။ သူငယ်ချင်းနဲ့ အတူကုမ္ပဏီပရောဂျက်တွေမှာ တက်တက်ကြွကြွပိုပါဝင်ဖြစ်လာတယ်။ သင့်ရဲ့ အိုင်ဒီယာတွေ လုပ်ဆောင်မှုတွေ ပိုတိုးတက်လာပါတယ်။ အလုပ်ခွင်မှာ သူငယ်ချင်းထားခြင်းက အလုပ်ထွက်နိုင်ချေ ၂၀ ရာခိုင်နှုန်းထိ အခွင့်အရေးနည်းသွားပါတယ်တဲ့။ ဒီလေ့လာမှုမှာ မိတ်ဆွေရှိတဲ့ အလုပ်သမား ၅၀ ရာခိုင်နှုန်းဟာ ကျွမ်းကျင်တဲ့ အလုပ်သမား ၁၀ ရာခိုင်နှုန်းနဲ့ယှဉ်ရင် ကုမ္ပဏီကို ပိုအကျိုးပြုနိုင်တယ်လို့ ဆိုထားပါတယ်။

၂။ ရုံးမှာမိတ်ဆွေရှိခြင်းက သက်တောင့်သက်သာပိုဖြစ်စေတယ်လို့ အမျိုးသမီး သုံးပုံနှစ်ပုံက ယုံကြည်ထားပါတယ်

လစာတိုးတာ၊ ဒီကုမ္ပဏီကနေ တိုးတက်လမ်းနဲ့ ဆေးနဲ့ပတ်သက်တဲ့အာမခံတွေဟာ အလုပ်တစ်ခုမှာ ဝန်ထမ်းတွေ အလိုချင်ဆုံးအရာတွေပါ။ ဒါပေမဲ့ သုတေသနတစ်ခုမှာတော့ အမျိုးသမီး သုံးပုံနှစ်ပုံဟာ အလုပ်ရွေးတဲ့နေရာမှာ မိတ်ဆွေကောင်းရှိခြင်းက အရေးပါတယ်လို့ ဝန်ခံထားကြပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ ထုံးတမ်းစဉ်လာကောင်းက ကျန်းမာတဲ့ဘဝအတွက် အခြေခံကျပါတယ်။

၃။ အလုပ်မှာ သူငယ်ချင်းရှိခြင်းက တီထွင်နိုင်စွမ်းမြင့်မားစေပြီး စီးပွားရေးပိုကောင်းစေပါတယ်

အလုပ်ခွင်မှာ သူငယ်ချင်းထားခြင်းက အမြတ် ၁၂ ရာခိုင်နှုန်းပိုရရှိစေပါတယ်။ ဘာလို့လဲဆိုတော့ ဝန်ထမ်းတွေဟာ သူတို့မိတ်ဆွေတွေနဲ့ လှပတဲ့ဆက်ဆံမှုရှိလို့ပါ။ မိတ်ဆွေတွေနဲ့အတူ စွန့်စားချင်တဲ့စိတ်တွေ ပိုများလာစေပါတယ်။ ဒါ့အပြင် အချင်းချင်းထားတဲ့ ယုံကြည်မှုကြောင့် သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ အကောင်းဘက်ပဲဦးတည်နေပြီး လစာတိုးတာ၊ ရာထူးတိုးတာနဲ့ အလုပ်မှာ အသိအမှတ်ပြုခံရတာ ပိုများလာပါတယ်။ ပြီးတော့ အဆိုးမြင်စိတ်တွေဖြစ်တဲ့ စိုးရိမ်တာ၊ စိတ်ဖိစီးတာနဲ့ ပင်ပန်းတာစတဲ့ အရာတွေပိုနည်းလာပါတယ်။

၎။ အလုပ်မှာ မတော်တဆဖြစ်တာလည်း ၃၆ ရာခိုင်နှုန်းနည်းသွားပါတယ်

အမျိုးသမီးတင်မကပါဘူး။ မိတ်ဆွေရှိတဲ့ အမျိုးသားတွေဟာလည်း အလုပ်ခွင်မှာ လုပ်ဆောင်မှုတွေ တိုးတက်လာပါတယ်။ ရှာဖွေမှုတစ်ခုအရ ကုမ္ပဏီ ၁၀ ခုမှာ မိတ်ဆွေလို အချင်းချင်းပံ့ပိုးပေးတဲ့ ကုမ္ပဏီ ၆ ခုဟာ မတော်တဆဖြစ်နိုင်ချေကို ၃၆ ရာခိုင်နှုန်းနည်းသွားစေပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေဟာ သူငယ်ချင်းမိတ်ဆွေတွေဖြစ်နေတဲ့အတွက် သံယောဇဉ်ဖြစ်လာပြီး ကုမ္ပဏီအတွက် ပိုအကျိုးများစေလို့ပါ။

သင်ကော အလုပ်ခွင်မှာ သူငယ်ချင်းရှိလား။ ငယ်ငယ်တည်းက ခင်ခဲ့ပြီး ကြီးတဲ့အချိန်လည်း အလုပ်တူတဲ့ သူငယ်ချင်းဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့နော်။ ဒါကြောင့် သင်ဟာ သင့်အလုပ်မှာ မိတ်ဆွေကောင်းတွေကို ရှာဖွေသင့်ပါတယ်။

Source: Brightside.me

By MyStyle Myanmar