ဆိုရှယ်မီဒီယာ သုံးတဲ့အချိန်တိုင်း မော်ဒယ်မလေးတွေ ရုပ်ရှင် မင်းသမီးတွေရဲ့ ဓာတ်ပုံလှလှလေးတွေ မြင်လိုက်တဲ့အခါ သူတို့တွေက ချောလိုက် လှလိုက်တာ ဓာတ်ပုံစားလိုက်တာလို့ ထင်မိကြမှာပဲနော်။ တကယ်တော့ သူတို့တွေက ဓာတ်ပုံလှလှလေးထွက်အောင် ပို့စ်ပေးကျွမ်းကြလို့ လှတယ်လို့ ထင်ရတာပဲဖြစ်ပါတယ်။ သူတို့လို ပို့စ်ပေးကျွမ်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးပြီး ဓာတ်ပုံရိုက်ကြည့်လိုက်ပါ။

မျက်လုံးဖြင့် ပြုံးပါ

မျက်လုံးက စိတ်ရဲ့ ပြတင်းပေါက်လို့ ဆိုတဲ့အတိုင်းပဲ မျက်လုံးကို ဝင်းလက်တောက်ပနေပြီး အမှန်တကယ်ပျော်ရွှင်နေတဲ့အတိုင်း ပြုံးပေးလိုက်မယ်ဆိုရင် အလှဆုံးဓာတ်ပုံတစ်ပုံ ရရှိနိုင်ပါပြီ။

လျှာကို အာခေါင်နဲ့ ထိကပ်ပေးလိုက်ပါ

လျှာကို အာခေါင်နဲ့ ဖိကပ်လိုက်ပြီး အနည်းငယ်ပြုံးလိုက်မယ်ဆိုရင် မေးရိုးပိုပေါ်စေပါတယ်။ ပုံနှစ်ပုံကို ယှဉ်ကြည့်မယ်ဆိုရင် ဘယ်ပုံပိုလှလဲဆိုတာ သိသာပါတယ်။

Selfie ဆွဲတိုင်း အမြဲတမ်း အပေါ်ကနေ ပင့်ရိုက်ပါ

ဒီလိုပင့်ရိုက်ခြင်းက မေးနှစ်ထပ်ဖြစ်ခြင်း၊ အလင်းအမှောင် မငြိမ်ခြင်း ပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။

စူးစူးရဲရဲကြည့်ပြီး မပွင့်တပွင့်ပြုံးပါ

အားရပါးရပြုံးတာမျိုးမဟုတ်ဘဲ နှုတ်ခမ်းလေး အနည်းငယ် ကွေးရုံလောက်သာ ပြုံးလိုက်မယ်ဆိုရင် ပိုငယ်ရွယ်ပြီး ပိုမိန်းကလေးဆန်တဲ့ပုံပေါက်ပါတယ်။

ဆံပင်ဘေးခွဲပြီး ဓာတ်ပုံရိုက်ပါ

Kylie Jenner တစ်ယောက် ဓာတ်ပုံရိုက်တိုင်း ဆံပင်ဘေးခွဲလေ့ရှိတာကို ပျိုမေလေးတို့ သတိထားမိကြရဲ့လား။ ဒီလို ဘေးခွဲထားပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် မေးရိုးပိုပေါ်မှာဖြစ်ပြီး မျက်နှာသွယ်တဲ့ပုံပေါက်စေပါတယ်။

ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလေးပိုင်ဆိုင်အောင် ဘယ်လိုပြုံးရမလဲ

နှာခေါင်းကြွက်သားကို အောက်သို့ အနည်းငယ်ချပြီး ပြုံးလိုက်ပါ။ ဒါဆိုရင် အပေါ်နှုတ်ခမ်းက ပြည့်ပြည့်ဖူးဖူးလေးနဲ့ ကြည့်လို့ကောင်းနေမှာပဲဖြစ်ပါတယ်။

စစ်မှန်တဲ့ အပြုံးနဲ့ ပြုံးပါ

အပြုံးလောက် ဆွဲဆောင်မှုရှိတဲ့အရာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ အပြုံးက သင့်ကို ငယ်ရွယ်တဲ့ပုံပေါက်စေပြီး သင့်ပုံကို မြင်လိုက်တဲ့သူကိုလည်း တဒင်္ဂလေး အပျော်တွေ ကူးစက်စေမှာပဲဖြစ်ပါတယ်။

မေးစေ့ကို အပေါ် ပင့်မတင်ထားပါနဲ့

မေးစေ့ကို အပေါ် ပင့်တင်လိုက်မယ်ဆိုရင် သင့်ရဲ့မျက်နှာကျက ပျက်ယွင်းသွားမှာဖြစ်ပြီး မေးစေ့နှစ်ထပ်ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ မေးစေ့ချပြီး ရိုက်မယ်ဆိုရင်တော့ သင့်ရဲ့ မျက်လုံးလေးက ပိုကျယ်သယောင် ထင်ရစေပြီး ပိုငယ်တဲ့ပုံပေါက်စေပါတယ်။

ကင်မရာကို မကြည့်ပါနဲ့

ကင်မရာကို တည့်တည့်ကြည့်တာထက် အဝေးတစ်နေရာကို ကြည့်လိုက်တာက ပိုပြီး အသက်ဝင်တဲ့ပုံပေါက်ပါတယ်။ သင့် ဓာတ်ပုံကို ကြည့်နေတဲ့သူတစ်ယောက်အနေနဲ့လည်း “သူ ဘာကို ကြည့်နေတာပါလိမ့်” ဆိုတဲ့အတွေးမျိုးလည်း တွေးစေနိုင်တာကြောင့် စိတ်ဝင်စားမှုပိုရရှိမှာပဲဖြစ်ပါတယ်။

Source: Brightside.me