အမျိုးသမီး ၁၀ ယောက်မှာ ၇ ယောက်လောက်က မိမိရဲ့ကျန်းမာရေးနဲ့ အလှအပကို ပျက်စီးစေတဲ့ အလေ့အကျင့်များကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေမိကြတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ တချို့အမူအကျင့်ဆိုးတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးတာမျိုးလည်း ကြုံရတတ်ပါတယ်။

စာဖတ်သူပျိုမေတို့အနေနဲ့ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့၊ နတ်သမီးတစ်ပါးလို လှပကျော့ရှင်းစွာနေထိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့်ဆိုးတွေကို မပြုလုပ်မိဖို့ လိုမယ်နော်။

လက်သည်းနီ၊ ခြေသည်းနီ အမြဲတမ်းဆိုးထားခြင်း

အရည်အသွေးမကောင်းသော လက်သည်းဆိုးဆေးများ၊ အရောင်ရင့်လွန်းသော လက်သည်းဆိုးဆေးများဆိုးထားခြင်းက သင့်ရဲ့လက်သည်းကို ဝါကျဉ်ပျက်စီးစေပါတယ်။ လက်သည်းကျန်းမာရေးကလည်း အရေးကြီးတာကြောင့် အရည်အသွေးကောင်းသော လက်သည်းဆိုးဆေးများကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

မျက်နှာသုတ်ပုဝါအသုံးပြုပြီး မျက်နှာသုတ်ခြင်း

မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာသုတ်ပုဝါကိုသာ လူတိုင်းအသုံးပြုကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ထိုမျက်နှာသုတ်ပုဝါတွေက ဘက်တီးရီးယားများ ပေါက်ဖွားခိုအောင်းဖို့ အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။ သင့်မျက်နှာကို ထိုမျက်နှာသုတ်ပုဝါနဲ့သုတ်ဖို့ ကြိုးစားတိုင်း သင့်မျက်နှာမှာ ဝက်ခြံပေါက်ဖို့အခွင့်အလမ်း များလာပါလိမ့်မယ်။

ဒါ့ကြောင့် မျက်နှာသုတ်မယ်ဆိုရင် မျက်နှာသုတ်ပုဝါအသုံးပြုမယ့်အစား မျက်နှာသုတ်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ ချည်ထည်တစ်သျှူးများကိုသာ အသုံးပြုပေးပါ။

ဝါယာကြိုးများနှင့် တောင့်တင်းနေအောင် ပြုလုပ်ထားသည့် ဘရာဇီယာဝတ်၍ အိပ်ရာဝင်ခြင်း

ထိုဘရာဇီယာဖြင့် အိပ်ရာဝင်ခြင်းက သင့်ရဲ့အရေပြားကို ယားယံစေပြီး ရင်သားတစ်သျှူးများကို တင်းကြပ်စေတာကြောင့် သင့်ကျန်းမာရေးအတွက် ထိခိုက်စေမှာပါ။

မသန့်ရှင်းသော မိတ်ကပ်အသုံးအဆောင်ပစ္စည်းများ အသုံးပြုခြင်း

သင့်ရဲ့မျက်နှာအသားအရေကို စိုပြေနုပျိုစေချင်တယ်ဆိုရင်တော့ မသန့်ရှင်းတဲ့ မိတ်ကပ်အသုံးအဆောင်ပစ္စည်းများကို ဘယ်တော့မှ အသုံးမပြုမိဖို့ပဲဖြစ်ပါတယ်။ အသုံးပြုမိမယ်ဆိုရင်တော့ သင့်မျက်နှာမှာ ဝက်ခြံ၊ တင်းတိပ်များ ထွက်လာမှာပဲဖြစ်ပါတယ်။

တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းထက်ပို၍ စားသုံးမိခြင်း

ဆား အစားများခြင်းက သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းနဲ့ မျက်အိတ်ဖောင်းခြင်း စတဲ့ အလှအပဆိုင်ရာပြဿနာများလည်း ကြုံတွေ့ခံစားရနိုင်ပါတယ်။

ဆံပင်စည်း၍ အိပ်ခြင်း

ဆံပင်စည်းပြီး အိပ်မယ်ဆိုရင် သင့်ရဲ့ ဦးရေပြားကို ဆွဲတင်းထားသလိုဖြစ်တာကြောင့် သင့်ရဲ့ဆံကေသာလည်း အာားနည်းလာတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆံပင်တွေ အလွန်အကျွံကျွတ်သွားပါလိမ့်မယ်။

ဆံပင်စိုနေတဲ့အချိန် ခေါင်းဖြီးခြင်း

ဆံပင်ရေစိုနေချိန်မှာ သင့်ရဲ့ဦးရေပြားမွှေးညှင်းပေါက်တွေက ပွင့်ပြီး ကျယ်နေတတ်တာကြောင့် ထိုအချိန်မှာ ခေါင်းဖြီးမယ်ဆိုရင် ဆံသားများ ပျက်စီးသွားတတ်တာကြောင့် ခေါင်းမဖြီးခင်မှာ သင့်ရဲ့ဆံကေသာကို အရင်ဦးဆုံးခြောက်အောင် လုပ်ရပါမယ်။

ခေါင်းအုံးစွပ် မလဲခြင်း

သင့်မျက်နှာမှာ ဝက်ခြံ၊ တင်းတိပ်နဲ့ အနီစပ်ယားယံခြင်းများကို ခံစားနေရတယ်ဆိုရင်တော့ သင့်ရဲ့ ခေါင်းအုံးစွပ်ကို ၂ ရက် (သို့) ၃ ရက်တစ်ခါ လဲသင့်ပါတယ်။ ခေါင်းအုံးစွပ်ကို အချိန်အကြာကြီး မလဲဘဲထားမယ်ဆိုရင် သင့်ရဲ့ မျက်နှာအသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

Source: Brightside.me

By MyStyle Myanmar