ငွေကြေး ဂုဏ်ဒြပ်တွေဆိုတာ မတည်မြဲတဲ့ အရာဆိုပေမယ့် လောကမှာ လူသားတိုင်းက ချမ်းသာချင်ကြတဲ့သူတွေချည်းပါပဲ။ အောင်မြင်ချင်သူများအနေနဲ့ ဒီလိုမတည်မြဲတဲ့ငွေကြေးချမ်းသာမှုကို လက်ဝယ်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကိုယ့်ဆီကို ရောက်ရှိလာအောင် ကြိုးစားရမှာဖြစ်သလို ချမ်းသာကြွယ်ဝသွားပါကလည်း ပစ္စည်းဥစ္စာတွေ မပျောက်ပျက်သွားဖို့ ကြိုးစားတတ်ရပါမယ်။

သုတေသနပညာရှင် Tom Corley ဆိုသူက ချမ်းသာတဲ့သူတွေနဲ့ ဆင်းရဲတဲ့သူတွေရဲ့ ကွဲပြားခြားနားတဲ့ အပြုအမူ အလေ့အကျင့်တွေကို အင်မတန်မှ စိတ်ဝင်စားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူက ၅ နှစ်ကြာတဲ့ လေ့လာစမ်းသပ်ချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့ လေ့လာချက်တွေအရ လူချမ်းသာတွေရဲ့ အမူအကျင့်တွေကို အခုလိုပဲ လေ့လာသိရှိခဲ့ရပါတယ်။

လူသစ်များနဲ့ အမြဲတစေတွေ့ဆုံခြင်း

ချမ်းသာကြွယ်ဝသူ ၆၈ ရာခိုင်နှုန်းက လူသစ်တွေနဲ့ တွေ့ဆုံရတာကို သဘောကျကြပါတယ်။ ဒီလိုတွေ့ဆုံခြင်းအားဖြင့် သူတို့ရဲ့ဘဝကို တစ်နည်းတစ်ဖုံအကျိုးပြုနိုင်တယ်ဆိုတာကို လေ့လာသိရှိကြလို့ပဲဖြစ်ပါတယ်။

ကံကြမ္မာကို အယုံအကြည်မရှိခြင်း

မိမိကိုယ်တိုင်က လုံလစိုက်ထုတ်မှု၊ ကြိုးစားမှုမရှိဘဲ ကံကောင်းလာမယ့်နေ့ကိုသာ လက်ချိုးရေပြီး စောင့်နေမယ်ဆိုရင်တော့ ဘယ်တော့မှ ချမ်းသာလာမှာမဟုတ်ပါဘူး။

မိမိရဲ့ အလုပ်ကို ချစ်ခင်နှစ်သက်ခြင်း

ငွေကြေးပိုင်းအရ အောင်မြင်နေတဲ့လူ ၈၅ ရာခိုင်နှုန်းခန့်က မိမိလုပ်နေတဲ့အလုပ်မှာ ပျော်ရွှင်ကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ငွေကြေးမပြည့်စုံသူတွေကျတော့ ကိုယ့်လုပ်ငန်းခွင်အပေါ် မကောင်းမြင်စိတ်တွေနဲ့ပဲ ပြည့်နှက်နေတာပါ။ ဒီလို မကောင်းမြင်စိတ်က သင့်ရဲ့ ဝင်ငွေကို တိုးပွားလာအောင် ပြုလုပ်ပေးမှာမဟုတ်ပါဘူး။

လက်ရှိလုပ်နေတဲ့အလုပ်ကို မကြိုက်ဘူးဆိုရင် ငြီးတွားနေမယ့်အစား အလုပ်ပြောင်းလိုက်ပါ။

မိမိရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ခြင်း

ချမ်းသာတဲ့လူတွေက ကျန်းမာရေးကို ထိခိုက်စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်လေ့ရှိကြပါတယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ကြတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကိုပဲ စားသုံးလေ့ရှိတယ်။ မလိုအပ်တဲ့ နေရာတွေမှာ ပိုက်ဆံဖြုန်းလေ့မရှိကြပါဘူး။

စာများများ ဖတ်ခြင်း

စာမဖတ်ခြင်းက မိမိရဲ့ တွေးခေါ်နိုင်စွမ်းကို အားနည်းစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို မိနစ် ၃၀ ခန့် စာပုံမှန်ဖတ်ခြင်းအားဖြင့် မိမိရဲ့ တိုးတက်ရာတိုးတက်ကြောင်း လမ်းကြောင်းကို ဖွင့်လိုက်ပါ။

စောစောအိပ်ယာထခြင်း

Tom Corley ရဲ့ လေ့လာချက်အရ တစ်နေ့ကို ဝင်ငွေသိန်းချီဝင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက မိမိရဲ့ အလုပ်ချိန်ထက် ၃ နာရီစောပြီး (မနက် ၅ နာရီခန့်) အိပ်ယာထလေ့ရှိတယ်လို့ သိရှိရပါတယ်။ ထိုမနက်စောစော ထချိန်မှာ လေ့ကျင့်ခန်းပြုလုပ်တာမျိုး၊ မိမိရဲ့ တစ်နေ့တာအတွက် အစီအစဉ်ချမှတ်တာမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။

ဒါပေမဲ့ စောစောထရမယ်ဆိုပြီး အိပ်ရေးပျက်ခံပြီး စောစောထခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်ညကို အိပ်စက်ချိန် ၇ နာရီကနေ ၈ နာရီကြာ ရှိသင့်ပါတယ်။

မိမိအတွက် အဆိပ်အတောက်ဖြစ်စေသူများနှင့် ပေါင်းသင်းဆက်ဆံမှု မပြုလုပ်ခြင်း

အောင်မြင်မှုကို ဆွတ်ခူးရရှိပြီး ငွေကြေးချမ်းသာမှုနဲ့ ပြည့်စုံချင်တယ်ဆိုရင်တော့ မိမိရဲ့ ပတ်ဝန်းကျင်ကောင်းဖို့လည်း လိုအပ်ပါတယ်။ မိမိ လုပ်ဆောင်နေတဲ့အရာရာတိုင်းကို မကောင်းမြင်နေတဲ့သူမျိုး၊ အခြားသူတွေရဲ့ မကောင်းကြောင်းတွေ လာပြောပြီး မိမိရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးပစ်တဲ့သူများ စတဲ့သူတွေကို သင့်ဘဝထဲက မြန်မြန်ဖယ်ထုတ်လိုက်ပါ။

ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့သူမျိုးကိုသာ ကိုယ့်ရဲ့ အနီးအနားမှာ ထားရှိခြင်းအားဖြင့် တိုးတက်အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်လိုက်ပါ။

Source: Brightside.me