“ငါ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်ကလေးသာရှိမယ်ဆိုရင် အခုအချိန်လောက်ဆို ငါ့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝနေလောက်ပြီ” လို့ မကြာခဏတွေးနေမိပြီလား။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့နေလို့ စိတ်ဓာတ်တွေ ကျဆင်းနေပြီလား။

လူသားတိုင်းဟာ မွေးကတည်းက Confidence ဆိုတဲ့အရာကြီး ကပ်ပါလာတာမဟုတ်ပါဘူး။ Confidence ဆိုတာ မိမိဘာသာတည်ဆောက်ယူရတဲ့အရာပါ။ တကယ်လို့ သင့်မှာ လုံလောက်တဲ့ Confidence မရှိသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေနဲ့ တည်ဆောက်လိုက်ပါ။

သူတပါးက ချီးကျူးစကားပြောတဲ့အခါ လက်ခံလိုက်ပါ

ချီးမွမ်းစကားကို ပြန်လည်တုန့်ပြန်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်က တုန့်ပြန်ပုံခြင်းမတူပါဘူး။ တချို့ကျတော့ ရှက်တဲ့စိတ်နဲ့ မိမိရဲ့ အားနည်းချက်တွေကိုတောင် တစ်ပုံတစ်ပင်ကြီး ပြန်လည်ပြောပြတတ်ပါသေးတယ်။ ဒီလိုတုန့်ပြန်နည်းက မှန်တဲ့တုန့်ပြန်ပုံတော့မဟုတ်ပါဘူး။

တစ်စုံတစ်ယောက်က သင့်ကို ချီးကျူးစကားဆိုတဲ့အခါ “ကျေးဇူးတင်ပါတယ်” လို့ ပြောပြီး ပြုံးရယ်ကာ တုန့်ပြန်လိုက်ပါ။ ဒါဆိုရင် ချီးကျူးစကားဆိုတဲ့သူရဲ့ အမြင်ကို အလေးထားရာလည်း ရောက်သလို ကိုယ့်ရဲ့ အားသာချက်နဲ့ အရည်အချင်းတွေကိုလည်း ကိုယ်ကိုယ်တိုင် သိမြင်သွားပါလိမ့်မယ်။

အရာအားလုံး ပြီးပြည့်စုံဖို့ မကြိုးစားပါနဲ့

ပြီးပြည့်စုံတဲ့ လူဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ ဒါ့ကြောင့် စည်းကမ်းချက်တွေကြားထဲမှာ ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားမယ့်အစား မိမိကိုယ်ကို အသက်ရှုခွင့်ပေးပြီး လွတ်လပ်ပေါ့ပါးမှုကို ခံစားတတ်ဖို့ လိုပါတယ်။

တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး စကားပြောပါ

ကိုယ်နဲ့ စကားပြောသူရဲ့ ယုံကြည်မှုကို ရရှိနိုင်ဖို့ရန်အတွက် မိမိပြောတဲ့စကားတွေက လိမ်ညာနေတာမဟုတ်ဘဲ အမှန်တရားတွေပါဆိုတာကို သိသာစေဖို့ရန်အတွက် Eye Contact ရှိရပါမယ်။ အထူးသဖြင့် အင်တာဗျူးဖြေဆိုတဲ့အခါ ဒီအချက်က အလွန်အရေးကြီးပါတယ်။ သို့သော် စူးစူးရဲရဲစိုက်ကြည့်နေတာမျိုးကိုတော့ ရှောင်ကြဉ်ရပါမယ်။

လက်ပျဉ်ကုန်းပြီး လမ်းလျှောက်ခြင်းကို ရှောင်ကြဉ်ပါ

လမ်းလျှောက်တဲ့အခါ ခါးမတ်မတ်ထား၊ ရင်ကိုဖွင့်ပြီး ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းလိုက်ပါ။ အောင်မြင်နေတဲ့ လူတွေကို လေ့လာအကဲခတ်ကြည့်လိုက်ပါ။ သူတို့တွေက ဘယ်တော့မှ လက်ပျဉ်ကုန်းကုန်းနဲ့ လမ်းမလျှောက်တတ်ကြပါဘူး။ လေ့လာချက်တွေအရ မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးတယ်လို့ သိရှိရပါတယ်။

မကောင်းတဲ့ အတွေးအမြင်တွေကို မတွေးမိပါစေနဲ့

သင့်စိတ်ထဲမှာ အားငယ်လာပြီး မကောင်းတဲ့ အတွေးတွေ ကိန်းအောင်းလာတယ်ဆိုရင် အရင်က ကိုယ် ဘာတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို ပြန်လည်တွေးတောကြည့်လိုက်ပါ။ သင့်ရဲ့ ပတ်ဝန်းကျင်ကို အကောင်းမြင်ဝါဒီတွေနဲ့ပဲ ဝန်းရံထားရပါမယ်။

Confidence အပြည့်ရှိနေတဲ့ မိမိကိုယ်ကို ပုံဖော်ကြည့်လိုက်ပါ

ဒီလိုပုံဖော်လိုက်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်ချက်တွေ မြှင့်တက်လာပါလိမ့်မယ်။ မိမိကိုယ်ကို ယုံကြည်ချက်ရှိတဲ့သူက ဘယ်လိုအခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်ကြပါတယ်။

သင့်ရဲ့ အကျိုးရှိတဲ့အချိန်တွေကို ဆိုရှယ်မီဒီယာပေါ်မှာပဲ မကုန်ဆုံးလိုက်ပါနဲ့

ဆိုရှယ်မီဒီယာတွေဆိုတာ သုံးတတ်ရင် ဆေးဖြစ်သလို မသုံးတတ်ရင် ဘေးဖြစ်တတ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ အချိန်ကုန်နေမယ့်အစား တကယ့်အပြင်လောကက လူတွေနဲ့သာ များများထိတွေ့ဆက်ဆံပေးပါ။ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်က ပိုမိုကျယ်ပြန့်လာတာကို တွေ့ရပါလိမ့်မယ်။

Source: Brightside.me