ဆံပင်ပါးတဲ့သူတွေအနေနဲ့ သတိထားရှောင်ကြဉ်ဖို့လိုတဲ့ အလေ့အကျင့် ၇ ခုကို ပြောပြပေးလိုက်ပါတယ်။ ကိုယ့်ဆံသားပျက်စီးတာမျိုး မလိုချင်ဘူး၊ ဆံပင်ကိုဒီထက်ပိုပြီး မပါးချင်ဘူးဆိုရင်တော့ ဒီအလေ့အကျင့်တွေကို ရှောင်ဖို့လိုပါတယ်။
Hair oil အများကြီးလိမ်းခြင်း
ဆံပင်ပါးတဲ့သူတွေက hair oil တွေလိမ်းရင် အောက်ဖျားလေးတွေပဲ လိမ်းပေးတာကောင်းပါတယ်။ ဦးရေပြားအထိလိမ်းတာမျိုး၊ အများကြီးလိမ်းတာမျိုးဆို ဆံပင်ပါးတော့ ကပ်သွားပါလိမ့်မယ်။ ဆံပင်ကပ်နေရင် ကြည့်ရဆိုးစေပါတယ်။
ဆံပင်ဆိုးခြင်း၊ အရောင်ချွတ်ခြင်း
ဆံပင်ပါးတဲ့သူတွေက ဆံပင်အရောင်ခဏခဏဆိုးတာမျိုး၊ အရောင်ချွတ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဆံပင်ပျက်စီးပြီး ကျွတ်စေတဲ့အတွက် ဆံပင်ပိုပါးလာပါလိမ့်မယ်။
ဆံပင်ရေစိုနေချိန်ခေါင်းဖြီးခြင်း
ဆံပင်ရေစိုနေတဲ့အချိန်မှာ ခေါင်းဖြီးရင် ဆံပင်တွေပိုကျွတ်ပြီးပါလာသလို၊ ခြောက်သွားရင်လည်း ဆံပင်က နည်းနည်းကပ်နေတတ်ပါတယ်။ ဒါကြောင့် ခြောက်အောင်သုတ်ပြီးမှသာ ခေါင်းဖြီးပါ။
ဆံပင်ကိုကြမ်းတမ်းစွာဖြီးခြင်း
ဆံပင်ကိုကြမ်းတမ်းစွာဖြီးရင် ဆံသားနဲ့ဦးရေပြားနာပြီး ဆံပင်ကျွတ်တာ၊ ပျက်စီးတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ကို အောက်နားကနေစပြီး ဖြေးဖြေးချင်းစီရှင်းပြီး ဖြီးပေးပါ။
ဆံပင်ကိုသန့်ရှင်းစွာထားပါ
ခေါင်းမလျှော်ပဲအကြာကြီးနေရင် ဆံပင်အဆီတွေထွက်ပြီး စေးကပ်နေတာမျိုး ဖြစ်ပါလိမ့်မယ်။ ဆံပင်ပါတဲ့သူတွေက ဆံပင်စေးကပ်နေရင် ပိုပါးသလိုဖြစ်သွားစေပါတယ်။ ဆံပင်နဲ့ဦးရေပြား မသန့်ရှင်းရင် ဂျီးတွေနဲ့ ညစ်ပတ်ပြီး ဆံပင်ပိုကျွတ်စေပါတယ်။
ဆံပင်ကိုအမြဲစည်းထားခြင်း
ဆံပင်ပါးတဲ့သူတွေက ဆံပင်ကိုတင်းကျပ်နေအောင် အမြဲစည်းထားရင် ဆံပင်တွေကျွတ်ထွက်ပြီး ဆံသားအရမ်းနာပါတယ်။
Dryer သုံးခြင်း
Dryer သုံးရင် ဆံသားခြောက်သွေ့ပြီး ပျက်စီးစေတယ်၊ ဆံပင်ဖွာပြီး ကျွတ်စေပါတယ်။ ဒါကြောင့် ဆံပင်ပါးတဲ့သူတွေဆိုရင် ပိုဂရုစိုက်ပေးဖို့လိုပါတယ်။ အကောင်းဆုံးကတော့ သေချာသုတ်ပြီး သဘာဝအတိုင်းအခြောက်ခံတာပါပဲ။ Dryer မှုတ်မယ်ဆိုရင်လည်း ခဏလောက်ပဲမှုတ်ပေးပါ။