ကမ္ဘာတစ်ဝှမ်းမှာ K-Drama စီးရီးတွေ၊ ကိုရီးယားသီချင်းတွေ၊ ကိုရီးယားအစားအစာတွေ စသည်ဖြင့် ကိုရီးယားယဉ်ကျေးမှုတွေက တဖြည်းဖြည်းထိုးဖောက်လာတာနဲ့အမျှ ကိုရီးယားဖက်ရှင်ဆိုပြီး ရေပန်းစားလာတာကို ဖက်ရှင်ချစ်သူတွေရော ကိုရီးယားရုပ်ရှင်ချစ်ပရိသတ်တွေ မျက်မြင်ပါပဲ။

ဒါ့ကြောင့် ဖက်ရှင်ချစ်သူ ပျိုမေလေးတို့ကို ခေါင်းအစ ခြေအဆုံးချစ်စရာကောင်းစေပြီး ကိုရီးယားမလေးအသွင်ကူးပြောင်းသွားအောင် ဝတ်ဆင်လို့ရမယ့် နည်းလမ်း ၆ မျိုးကို ဝေမျှပေးလိုက်တယ်နော်။

၁။ Pajamas ဝတ်စုံ ဝတ်ပါ

ညအိပ်ဝတ်စုံတွေကို သက်သောင့်သက်သာနဲ့ ညအိပ်ဝတ်ဖို့အတွက် ရည်ရွယ်ပြီး တီထွင်ထုတ်လုပ်ထားပေမယ့် အခုနောက်ပိုင်းတီထွင်ဆန်းသစ်မှုက ပိုမိုကောင်းမွန်လာတော့ ညအိပ်အင်္ကျီတွေကိုလည်း ဖက်ရှင်ကျအောင် ဝတ်လို့ရသေးတယ်နော်။

ညအိပ်အင်္ကျီနဲ့ အလန်းစားဖက်ရှင်လေး ရဖို့ ဘယ်လိုဝတ်ဆင်ရမလဲဆိုတာပါ ဆက်လေ့လာကြည့်လိုက်ရအောင်။

၂။ လည်ကပ်ကလေးတွေ (Chokers) ဝတ်ပါ

ဘလောက် အင်္ကျီတွေ၊ ရှပ်အင်္ကျီ၊ ပုခုံးလျှောအင်္ကျီလေးတွေ ဝတ်တဲ့အခါ လည်ကပ်ကလေးတွေ ဝတ်ပေးလိုက်မယ်ဆိုရင် သင့်ကို ကိုရီးယားမလေးအသွင်ကူးပြောင်းပေးမှာပါ။

၃။ စကပ်ပုံစံ ဘောင်းဘီအပွလေးတွေ ဝတ်ပါ

ဘောင်းဘီအပွလေးတွေက ပေါ့ပေါ့ပါးပါးဝတ်တဲ့အခါ သင့်တော်သလို၊ ရုံးတက်တဲ့အခါ ဝတ်ရင်လည်း စမတ်ကျစေပါတယ်။ သတိထားရမယ့်တစ်ချက်ကတော့ ဒီလိုဘောင်းဘီအပွလေးတွေဝတ်တိုင်း ခါးအပေါ်အထိ မြင့်မြင့်လေးသာဝတ်ပေးပါ။ ဒါမှ သင့်ခန္ဓာကိုယ်ကောက်ကြောင်းအလှ ပိုမိုပေါ်လွင်မှာပါ။

၎။ ဂျင်းဘောင်းဘီ အပြဲလေးတွေ ဝတ်ပါ

တကယ်လို့ စာဖတ်သူပျိုမေလေးက ခပ်ဟော့ဟော့နဲ့ အမိုက်စားစတိုင်လ်လေး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အပြဲအပေါက်ကြီးတာလေးတွေဝတ်ပါ။ အရမ်းမဟော့ဘဲ ပုံမှန်ဖက်ရှင်အတိုင်းပဲ ကြိုက်တယ်ဆိုရင်တော့ သိပ်မပြဲတာလေးတွေပဲ ဝတ်ပေးလိုက်ပါ။

၅။ နှစ်ထပ်ဂါဝန်လေးတွေ ဝတ်ပါ

အလွှာအထပ်ထပ် ဂါဝန်လေးတွေက ကိုရီးယားနဲ့ဂျပန်မှာ အင်မတန်ခေတ်စားတဲ့ ဖက်ရှင်တစ်မျိုးပါပဲ။ ဂါဝန်နဲ့အင်္ကျီတွဲဝတ်ဖို့ စဉ်းစားရတာဦးနှောက်ခြောက်ရင်တော့ တွဲထားပြီးသားဂါဝန်လေးပဲ ဝယ်လိုက်ပါ။ ပိုပြီး စတိုင်လ်ကျချင်ရင်တော့ ကြိုးတစ်ချောင်းဂါဝန်လေးတွေကို တီရှပ်အမျိုးမျိုးနဲ့ ပြောင်းလဲဝတ်ဆင်ပေးလိုက်ပါ။

၆။ အင်္ကျီအပွဖက်ရှင်လေးတွေ ဝတ်ပါ

ဒီလို ဝတ်ဆင်တဲ့အခါ သတိထားရမယ့်တစ်ချက်ကတော့ ဘောင်းဘီကို အပွမဝတ်ရဘဲ အကြပ်ပဲ ဝတ်ရမှာပါ။ နို့မဟုတ်ရင် အပေါ်အပွ အောက်အပွဆို ပျိုမေလေးတို့ရဲ့စတိုင်လ်က ပျက်ယွင်းသွားနိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ ဖက်ရှင်ဆိုင်ရာ အချက် ၆ ချက်ကို သိပြီး လိုက်ဝတ်ကြည့်မယ်ဆိုရင်တော့ ပျိုမေလေးတို့လည်း ကိုရီးယားမလေးတွေ ဖြစ်သွားကြပြီပေါ့။

Source: Fasheholic.com