အောင်မြင်ကျော်ကြားပြီး လူကြိုက်များတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဒုက္ခကလည်း မသေးပါဘူး။ အနေအထိုင် အပြောအဆို အစစအရာရာ အကုန်လုံး သတိထားနေရတာပါ။ တစ်ချက်ကလေး မမှားလိုက်နဲ့၊ မှားသွားပြီဆိုတာနဲ့ ပါပါရာဇီတွေက ဖွမယ်ဆိုတာချည်းပါပဲ။

ကိုယ်ချစ်တဲ့ အိုင်ဒေါကို အခြားသူတွေ သွားပုတ်လေလွင့် လျှောက်ပြောနေကြတာကိုလည်း ဘယ်ဖန်ကမှ မကြိုက်ကြပါဘူး။ ကိုယ့်ရဲ့ အိုင်ဒေါက စင်မြင့်ထက်မှာ တလက်လက်နဲ့ တောက်ပနေရင်လည်း ဝမ်းသာပီတိ ဂွမ်းဆီထိကြတာကလည်း ချစ်စရာကောင်းတဲ့ ဖန်တွေပဲဖြစ်ပါတယ်။

အိုင်ဒေါတွေကလည်း အများအမြင်မှာ အမြဲတမ်း လှပကျော့ရှင်းနေအောင် နေရတာက သူတို့ရဲ့ တာဝန်တစ်ရပ်လိုဖြစ်နေတာပါ။ စာရေးသူတို့လို သာမန်မိန်းကလေးတွေတောင် မိတ်ကပ်လိမ်းချင်တဲ့နေ့ရှိသလို တစ်ခါတလေ ဘာမှမလိမ်းဘဲ မျက်နှာဗြောင်နဲ့ပဲ အပြင်သွားချင်တဲ့နေ့တွေလည်း လက်ချိုးမရေနိုင်အောင်ပါပဲ။ သူတို့လေးတွေကရော အမြဲတမ်း မိတ်ကပ်လိမ်းပြီး ဖြီးလိမ်းပြင်ဆင်နေရတာ ပျော်ရဲ့လားလို့တောင် စိတ်ကူးတည့်ရာ တွေးမိတဲ့အချိန်တွေလည်း ရှိဖူးပါတယ်။

ဒီလို အနုပညာရှင်မိန်းမချောလေးတွေ လူပုံအလယ်မှာ စက္ကန့်မလပ်ကြည့်ကောင်းနေအောင် ဘယ်လိုအားစိုက်ထုတ်ကြလဲဆိုတာကို ပျိုမေလေးတို့လည်း လိုက်ပြင်ဆင်လို့ရအောင် ဝေမျှပေးလိုက်တယ်နော်။

ဆံပင်ပုံစံကို စတိုင်လ်တစ်မျိုးတည်း ပုံသေမထားပါနဲ့

မင်းသမီး၊ မင်းသား၊ အဆိုတော်တွေ အကုန်လုံးကို ကြည့်လိုက်မယ်ဆိုရင် ဆံပင်စတိုင်လ်ကို အမြဲတမ်းပြောင်းလဲနေကြတာပါ။ ဆံပင်အတိုက ဘယ်လောက်ပဲ အမိုက်စားဖြစ်နေပါစေ၊ ကိုယ်က ဒီစတိုင်လ်ကို ဘယ်လောက်ပဲ ကြိုက်နေပါစေ ပုံသေတစ်ခုတည်း ထားလို့မရပါဘူး။ ပျိုမေတို့လည်း ဒီအတိုင်းပါပဲ။ ကိုယ်က ရှည်လျားတဲ့ ဆံကေသာပိုင်ဆိုင်ထားတယ်ဆိုရင် တစ်နေ့လာလည်း စည်းထားလိုက်၊ နောက်တစ်နေ့လာလည်း ဆံပင်ချထားလိုက်နဲ့ပဲ လုံးလည်ပတ်ချာမလိုက်ရဘူးနော်။ တစ်နေ့တစ်မျိုး မရိုးရအောင် အမျိုးမျိုး ပြင်ဆင်ထုံးဖွဲ့ပေးရပါမယ်။

ခပ်မိုက်မိုက် ဆံပင်အရောင် ဆိုးလိုက်ပါ

ယနေ့ခေတ်မှာ မိန်းကလေးတွေ တော်တော်များများက ဆံပင်ဆိုးကြပါတယ်။ ဆံပင်ဆိုးမယ်ဆိုရင် အရောင်မှိန်မှိန်လေးတွေ မဆိုးဘဲ ဆွဲဆောင်မှု ရှိရှိနဲ့ တောက်ပနဲ့ အနီရောင်၊ လိမ္မော်နီရောင်တို့ကို ရဲရဲဝံ့ဝံ့သာဆိုးပစ်လိုက်ပါ။

ဆံညှပ်ကလစ်လေးတွေရဲ့ အကူအညီရယူပါ

ဆံညှပ်ကလစ်လေးတွေကို ပုံတုံးတုံး အမဲရောင်တွေအစား အဖြူရောင်၊ ငွေရောင် စသည်ဖြင့် ကာလာစုံ ဝယ်ထားပြီး ဆံကေသာမှာ အလှဆင်ထားလိုက်ပါ။

ကိုယ့် မျက်နှာကျနဲ့ လိုက်ဖက်တဲ့ မျက်ခုံးမွှေးဆွဲပါ

မျက်ခုံးရဲ့ အလှက မျက်နှာတစ်ခုလုံးအတွက် အရေးကြီးဆုံးပါပဲ။ မျက်ခုံးမွှေး ပါးပါးမျှင်မျှင်လေးတွေက ပျိုမေတို့ရဲ့ အလှကို ပေါ်လွင်စေမှာမဟုတ်သလို မျက်ခုံးမွှေးအရမ်းထူသွားရင်လည်း ကြည့်ရဆိုးနေမှာပါ။ ကိုယ် လိမ်းထားတဲ့ မိတ်ကပ်ရဲ့ အထူး အပါးပေါ်မူတည်ပြီး မျက်ခုံးမွှေးဆွဲပေးဖို့ လိုပါတယ်။

ပါးနီခြယ်ဖို့ မမေ့ပါနဲ့

ပါးနီဆိုပေမယ့် အခုနောက်ပိုင်း ခေတ်စားလာတာကတော့ လိမ္မော်ဖျော့အရောင်လေးတွေပါပဲ။ ဓာတ်ပုံရိုက်လိုက်တိုင်း ပုံထွက်ကောင်းချင်ပြီး အများအမြင်မှာလည်း ငယ်ရွယ်နုပျိုနေတဲ့ ပုံပေါက်ချင်တယ်ဆိုရင် နီရဲရဲပါးနီတွေအစား လိမ္မော်ဖျော့ပါးနီလေးတွေကိုသာ ရွေးချယ်ပြင်ဆင်ပေးလိုက်ပါ။

မျက်လုံးတွေမှာ အလက်လက်တွေ ထည့်ပါ

မျက်ကပ်မှန် တပ်လို့လည်း ရသလို မျက်ကပ်မှန်မတပ်ရဲတဲ့သူတွေကတော့ အလက်လက်လေးတွေကို အလွန်အကျွံမဖြစ်အောင် ကပ်ထားပေးလိုက်ပါ။

Matte မိတ်ကပ် Look

မျက်လုံးမိတ်ကပ်လည်း အများကြီး မလိမ်းချင်ဘူး၊ ပါးနီတွေလည်း မခြယ်ချင်ဘူးဆိုရင် ပေါ့ပေါ့ပါးပါး Matte မိတ်ကပ် Look လေးကိုသာ ရွေးချယ်ပြင်ဆင်ပေးလိုက်ပါ။

Source: soompi.com