မင်္ဂလာပါ ပျိုမေလေးတို့ရေ။ မိန်းကလေးတိုင်းက အလှအပကြိုက်တဲ့သူတွေချည်းပါပဲ။ အယောက် ၁၀၀ မှာ ၁ ယောက်လောက်ကသာ အလှအပကို စိတ်မဝင်စားကြတာပါ။ ဒီဆောင်းပါးလေးက အလှအပစိတ်ဝင်စားတဲ့ ၉၉ ယောက်သော မိန်းကလေးတွေအတွက် အသုံးတည့်မယ့် ဆောင်းပါးလေးပါပဲ။

ဈေးကြီးပေးဝယ်ရတဲ့ အလှကုန်တွေ ဝယ်သုံးရမှာ ပိုက်ဆံနှမြောတယ်ဆိုတဲ့ မိန်းကလေးတွေအတွက် မိမိအိမ်မှာရှိတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ အသားအရေထိန်းသိမ်းခွင့်ရမှာပဲဖြစ်ပါတယ်။

ချွေးပေါက်ကျယ်နေတယ်ဆိုရင်

သင့် မျက်နှာက နီရဲ ရောင်ရမ်းနေမယ်၊ ပင်ပန်းနွမ်းနယ်တဲ့ပုံပေါက်နေမယ်၊ ဒါမှမဟုတ် ချွေးပေါက်တွေ အရမ်းကျယ်နေမယ်ဆိုရင် ရေခဲရေလေးကိုသာ သတိရလိုက်ပါ။ ဇလုံတစ်လုံးထဲမှာ ရေအေးထည့်ပြီး ရေခဲတုံးလေးများ ထည့်လိုက်ပါ။ ထို့နောက် ထိုရေခဲရေထဲသို့ သင့်မျက်နှာကို ၈ စက္ကန့်၊ ၁၀ စက္ကန့်ခန့် နှစ်ထားလိုက်ပါ။ ဒီနည်းလမ်းလေးက သင့်အသားအရေကို တင်းတင်းရင်းရင်းလေးဖြစ်နေစေမှာဖြစ်ပြီး လန်းဆန်းတက်ကြွနေမှာပဲဖြစ်ပါတယ်။

မျက်လုံးကို အညောင်းအညာပြေစေပြီး မျက်ကွင်းညိုခြင်း ပျောက်ကင်းစေဖို့

လက်ဖက်ခြောက်အိတ်ကို ရေနွေးပူထဲမှာ ၃ မိနစ်လောက် စိမ်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲမှာ အအေးခံထားလိုက်ပါ။ လက်ဖက်ခြောက်အိတ်တွေ အေးသွားပြီဆိုရင် မျက်လုံးပေါ်မှာ ၁၀ မိနစ်ခန့် ကပ်ထားပေးလိုက်ပါ။ ကွန်ပျူတာ တစ်နေကုန်ကြည့်ရလို့ မျက်လုံးပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေတဲ့အပြင် မျက်ကွင်းညိုခြင်းကိုလည်း ပျောက်ကင်းစေမှာပါ။

သဘာဝတိုနာ

ပန်းသီးရှာလကာရည် တစ်ဆနဲ့ ရေ လေးဆတို့ကို သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ဝါဂွမ်းစကို ရှာလကာရည်အရောအနှောဖြင့် ဆွတ်ပေးလိုက်ပြီး မျက်နှာပေါ် အသာအယာသုတ်လိမ်းပေးလိုက်ပါ။ မျက်နှာအသားအရေလေး နူးညံ့ချောမွေ့စေတဲ့အပြင် ဝက်ခြံရှိရင်လည်း ထိုဝက်ခြံတွေကို ခြောက်သွေ့ပြီး ပျောက်ကင်းစေမှာပါ။

ဆံကေသာ နူးညံ့တောက်ပြောင်ဖို့အတွက်

သင့် ဆံကေသာက မွဲခြောက်ခြောက်နဲ့ ကြမ်းတမ်းနေပြီဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးကိုသာ သတိရလိုက်ပါ။ သံလွင်ဆီ လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်စာခန့်ကို Microwave ထဲမှာ ၁၀ စက္ကန့်ခန့် ထည့်ထားလိုက်ပါ။ သံလွင်ဆီက နွေးနွေးလေးဖြစ်သွားတဲ့အခါ (အရမ်းကြီး ပူမနေရပါဘူး) ဆံကေသာပေါ်မှာ လိမ်းကျံပေးလိုက်ပါ။ ထို့နောက် ခေါင်းစွပ်လေးနဲ့ စွပ်ထားပြီး မိနစ် ၂၀ ခန့် အုပ်ထားလိုက်ပါ။ အချိန်ပြည့်မှ ဆီစင်သွားအောင် ခေါင်းလျှော်ပေးလိုက်ပါ။ ဆံပင်ခြောက်သွားတာနဲ့ သင့်ဆံကေသာက အရင်ကထက် နူးညံ့တောက်ပြောင်နေတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

မျက်တောင်မွှေး ရှည်လျားထူထဲပြီး ကော့ညွှတ်တဲ့အသွင်နဲ့ လှပနေချင်တယ်ဆိုရင်

ဆံပင်လေမှုတ်စက်ဖြင့် သင့်ရဲ့ မျက်တောင်ကော့စက်ကို စက္ကန့်အနည်းငယ် အပူပေးလိုက်ပါ။ မျက်တောင်ကော့စက်က နွေးနွေးလေးဖြစ်သွားပြီဆိုရင်တော့ ထိုစက်နဲ့ မျက်တောင်ကော့ပေးလိုက်ပါ။ တစ်နေ့တာလုံး ကော့ညွှတ်ပြီး ရှည်လျားထူထဲတဲ့ မျက်တောင်မွှေးလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

Source: onegoodthingbyjillee.com