မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိန်းကလေးတွေရဲ့ အိပ်မက်က ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ပါ။ ပိန်တဲ့သူက ဝချင်တယ်။ ဝတဲ့သူက ပိန်ချင်တယ်။ ဝိတ်ကျချင်တဲ့ မိန်းကလေးတွေက ဝိတ်ချနည်းတွေ အမျိုးမျိုး စမ်းသပ်ကြည့်ကြတယ်။ လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ ဝိတ်ချနည်းတွေထဲကမှ အခုတလော ရေပန်းစားလာတဲ့ Keto Diet နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဆိုးကျိုးတွေကို ပြောပြလိုပါတယ်။

ဆိုးကျိုးတွေအကြောင်း ပြောပြခြင်းက ဒီ Diet နည်းလမ်းကို မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ Keto Diet နဲ့ ဝိတ်ကျသွားတဲ့ ပျိုမေတွေအများအပြားရှိပါတယ်။ Diet တစ်ခုမလုပ်ခင် ကိုယ့်အတွက် အဆင်ပြေမလား ချင့်ချိန်နိုင်ဖို့ ဆိုးကျိုးတွေကို ပြောပြပေးခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အနည်းအများတော့ ကောင်းတာလည်းရှိသလို ဆိုးတာလည်း ရှိတာပါပဲ။ ပျိုမေတို့ လုပ်သင့်မလုပ်သင့် စဉ်းစားနိုင်ဖို့ ဗဟုသုတအနေနဲ့တင်ပြခြင်းသာဖြစ်ပါတယ်။

ပထမဆုံးပြောလိုတာကတော့ Diet နည်းလမ်းတိုင်းကို ရေရှည်လုပ်ဖို့ မသင့်တော်ပါဘူး။ Keto Diet လည်းဒီလိုပါပဲ။ဆိုးကျိုးတွေကတော့-

၁။ ဝမ်းချုပ်ခြင်း

Source: Hindustan Times

Keto Diet မှာစားရတဲ့အသီးရှိသလို မစားဖို့ တားမြစ်ထားတဲ့အသီးတွေလည်းရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာပြုလုပ်တဲ့လေ့လာမှုတစ်ခုမှာတော့ Keto Diet လုပ်သူ ၆၅ ရာခိုင်နှုန်းဟာ ဝမ်းချုပ်ကြတယ်လို့ ဖော်ပြထားပါတယ်။

အမျှင်ဓာတ်များတဲ့ ပဲတွေ၊ သစ်သီးတွေနဲ့ ပြောင်းဖူး Whole Grain တွေကို Keto မှာမစားရဘူးလို့ Diet ပညာရှင် Edwina Clark ကဆိုထားပါတယ်။ Keto Diet စားသူတွေဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေရဲ့ အာနိသင်တွေကို ဆုံးရှုံးကြပါတယ်။

ဒါပေမဲ့ Keto Diet မှာ ထောပတ်သီး၊ ဗာဒံစေ့စတဲ့ အစားအစာတွေက အမျှင်ဓာတ်ပေးနိုင်တာကြောင့် အမျှင်ဓာတ်နည်းပါးတဲ့ ရောဂါတွေမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို ရွေးပြီးသတိထားစားနေဖို့တော့ လိုပါတယ်။

၂။ ဗီတာမင်ချို့တဲ့မှု

Source: bigthink.com

ဒါကတော့ Keto Diet တင်မကပါဘူး။ Diet တိုင်းက ဘယ်အရွက်တွေမစားရဘူး။ ဘယ်အသီးတွေမစားရဘူး။ အမြဲကန့်သတ်ချက်တွေရှိပါတယ်။ ဒီလိုစားသောက်ခြင်းက ဗီတာမင်အလုံအလောက်ရရှိမှု မရှိစေဘဲ သတ္တုဓာတ်ချို့တဲ့မှုလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ဆရာဝန်အများစုက Keto Diet ကိုရေရှည်မလုပ်ဖို့ အကြံပေးထားကြတာပါ။

Keto Diet ကို ခဏတဖြုတ်လောက်ပဲ အကန့်အသတ်ထားပြုလုပ်သင့်ပါတယ်။

ဒီနည်းက ပုံစံမှန်မှန်နဲ့ ပြုလုပ်ရင် တကယ်ဝိတ်ကျပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်တွင်း Electrolytes တွေဖြစ်တဲ့ Sodium Potassium နဲ့ Magnesium ဓာတ်တွေကို ဆုံးရှုံးစေပါတယ်။ ဒီဓာတ်တွေချို့တဲ့ပါက ခေါင်းကိုက်တာ မောပန်းတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် Keto Diet စလုပ်ပြီဆိုတာနဲ့ Electrolyte ဓာတ်မျှတမှုရှိဖို့ ကြိုစီစဉ်ထားတာအကောင်းဆုံးပါပဲ။

၃။ ကြွက်သားဆုံးရှုံးခြင်း

Source: PopSugar

Keto Diet က ကြွက်သားဆုံးရှုံးနိုင်တယ်လို့ Everyday Health ဂျာနယ်မှာဖော်ပြထားပါတယ်။ ကြွက်သားတည်ဆောက်တဲ့နေရာမှာ Keto Diet ကအနှောင့်အယှက်ပေးနိုင်ပါတယ်။ အားကစားလုပ်နေသူတွေ အနေနဲ့ Keto Diet ကိုစဉ်းစားနိုင်ဖို့ပါ။

၎။ ခံတွင်းနံ့ဆိုးခြင်း

Low-Carb Diet အမျိုးအစားဖြစ်တာကြောင့် ဓာတ်ချို့ယွင်းပြီး ခံတွင်းနံ့ထွက်နိုင်ပါတယ်။ Ketone ထွက်တဲ့ဖြစ်စဉ်ကြောင့် အဆီပိုတွေလောင်ကျွမ်းနေချိန်မှာ ခံတွင်းနံ့ဆိုးနိုင်ပါတယ်။

၅။ The ‘keto flu’

Source: Ruled.me

Keto Flu ဆိုတာကတော့ Ketone ထွက်တဲ့ဖြစ်စဉ်ပြီးနောက်မှာ ဖြစ်လာတဲ့ပြဿနာပါ။ Flu တုပ်ကွေးနဲ့တူပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ မောပန်းတာ၊ မူးဝေတာ၊ အော့အန်တာနဲ့ ဗိုက်နာတာတွေပါဝင်ပါတယ်။

Diet နည်းတွေမလုပ်ခင် ဘယ်နေ့ဘယ်ဟာစားမလဲ ကြိုစဉ်းစားထားဖို့နဲ့ သက်ဆိုင်ရာ ဆရာဝန် Diet ပညာရှင်တွေနဲ့ ကြိုတိုင်ပင်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

By MyStyle Myanmar