မူးယစ်ဆေးစွဲခြင်းနဲ့ အရက်အလွန်အကျွံသောက်သုံးခြင်းက ယနေ့ကမ္ဘာပေါ်မှာ အဖြစ်များနေတဲ့ ပြဿနာများထဲက တစ်ခုဖြစ်ပါတယ်။ အနုပညာရှင်တွေဟာလည်း အသွေးနဲ့အသားနဲ့တည်ဆောက်ထားတာပဲမို့လို့ သာမန်လူတွေလိုပဲ အမှားပြုလုပ်မိတတ်ကြပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးစွဲရာကနေ ကြိုးစားဖြတ်ခဲ့ပြီး ကမ္ဘာကျော်အောင် ပြန်လည်ကြိုးစားနိုင်တာကတော့ ဝမ်းသားစရာပါပဲ။

၁။ Angelina Jolie

ကျွန်မ မူးယစ်ဆေးမျိုးစုံကို သုံးဖူးပါတယ်။ အဲ့ဒီအချိန်တွေကတော့ ကျွန်မအတွက် ငရဲကျနေတဲ့အချိန်တွေလိုပါပဲ အရမ်းကိုခက်ခဲခဲ့ပါတယ်လို့ Angelina Jolie က ပြောကြားခဲ့ပါတယ်။ သူမရဲ့ဘဝကခါးသီးစရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ၊ ဥပမာပြောရရင် စိတ်ကျရောဂါလည်း ခံစားဖူးသလို၊ ဝမှာစိုးလို့ အစားအသောက်ပျက်ရာကနေ ပိန်ချုံးသွားတာမျိုးပေါ့။ ဒါပေမဲ့ Lara Croft ဇာတ်ကားမှာ သရုပ်ဆောင်တဲ့အချိန်မှာတော့ သူမက ဆေးပြတ်သွားပါပြီ။ အဲ့ဒီကားနဲ့ အောင်မြင်မှုရရှိပြီးတဲ့နောက်မှာ ကလေးတစ်ယောက်မွေးစားပြီးနောက် Brad Pitt နဲ့ ပျော်ရွှင်တဲ့မိသားစုဘဝကို တည်ဆောက်ခဲ့ကြတာပါ။

၂။ Robert Downey Jr.

အားလုံးသိကြတဲ့အတိုင်း Iron Man ကြီးပါပဲ။ သူက အနုပညာသရုပ်ဆောင်မျိုးရိုးကနေ ဆင်းသက်လာတာပါ။ ဆေးစွဲပြီးနောက် သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတဲ့ စာချုပ်တွေ ပျက်သွားတယ်၊ နာမည်လည်းကျသွားပြီး ဥပဒေနဲ့ငြိစွန်းတဲ့ ပြဿနာကြောင့် ထောင် ၁၆ လ ကျခံခဲ့ရပါတယ်။ ဆေးဖြတ်ဖို့ တစ်နှစ်နီးပါးလောက်ကြိုးစားခဲ့ပြီးနောက်မှာ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ သရုပ်ဆောင်ပိုင်းကို ပြန်လှည့်လာပြီး ဝေဖန်သူတွေကလည်း သူ့ကိုကြိုဆိုကြပါတယ်။ အဲ့ဒီနောက်မှာတော့ Iron Man ရုပ်ရှင်နဲ့ နာမည်ပြန်ရခဲ့ပါတယ်။

၃။ Adele

သူမက စတိတ်စင်ပေါ်မှာ ကောင်းကောင်းဖျော်ဖြေနိုင်ပါ့မလားလို့ အမြဲတမ်းစိုးရိမ်တတ်ပါတယ်။ ဒါ့ကြောင့် ဖျော်ဖြေပွဲမစခင်မှာ သတ္တိရှိအောင်ဆိုပြီး အရက်သောက်ရာကနေ အကျင့်ဖြစ်ပြီး အရက်စွဲသွားပါတယ်။ တစ်ခါတစ်လေ စင်ပေါ်မှာဆိုနေရင်းနဲ့ စာသားမေ့သွားတာမျိုးတွေ ကြုံရပါတယ်။ ဒါပေမဲ့ ၂၀၀၉ ခုနစ်လောက်မှာ အရက်ကြောင့် သူမရဲ့အသံစတင်ပျက်စီးလာတာကို သိပြီးတဲ့နောက်၊ အရက်နာကျတာကြောင့် အိပ်ချိန်တွေလွန်ပြီး ဖျော်ဖြေပွဲတွေ ပျက်ကွက်တာတွေကို သိလာပြီးတဲ့နောက်မှာ သူမအရက်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုဆိုရင် သူမက စိတ်သစ်လူသစ်နဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။

၎။ Daniel Radcliffe

Harry Potter ဇာတ်ကားနဲ့ ငယ်ငယ်လေးကတည်းက အောင်မြင်မှုတွေရရှိနေတဲ့ မင်းသားကိုတော့ လူတိုင်းသိကြမှာပါ။ အဲ့ဒီ့ဇာတ်လမ်းတွဲရဲ့အောင်မြင်မှုကပဲ သူ့ကိုသာမန်ဘဝမရရှိစေဘဲ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါကို ခံစားရမှန်းမသိ ခံစားခဲ့ရပါတယ်။ ကျွန်တော် အရက်မသောက်ရ မနေနိုင်အောင် အရက်အလွန်အကျွံသောက်သုံးတဲ့အထိဖြစ်ဖူးပါတယ်လို့ ၂၀၁၅ ခုနှစ်မှာ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ငါးနာရီကြာလမ်းလျှောက်ပြီးတဲ့နောက်မှာ အရက်သောက်ချင်စိတ်ပျေက်သွားတာကို ထူးထူးဆန်းဆန်း ခံစားလိုက်ရတယ်။ ဒါနဲ့ နောက်ရက်တွေကျတော့ လေကောင်းလေသန့်ရှူရင်း လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး၊ လမ်းလည်း ပုံမှန်လျှောက်ဖြစ်လာတယ်။ အခုဆိုရင်တော့ အရက်လုံးဝမသောက်တော့ပါဘူးလို့ Daniel Racliffe က ပြောကြားခဲ့ပါတယ်။

Source: Brightside.me