သင်္ကြန်ပိတ်ရက်မှာ ဘယ်မှ လျှောက်မလည်ဘဲ အိမ်မှာပဲ အိမ်တွင်းအောင်းမယ့် အိမ်တွင်းပုန်းလေးတွေ ရှိကြလားရှင့်။ အိမ်မှာတစ်ယောက်တည်း အေးအေးလူလူလေး မုန့်စားလိုက် တီဗွီကြည့်လိုက် ဖုန်းသုံးလိုက်နဲ့ဆို နည်းနည်းတော့ ပျင်းစရာကောင်းတာပေါ့နော်။

အပျော်အပါးနှစ်သက်သူတွေကတော့ ကားတစ်စီးနဲ့ ရေပက်ခံထွက်ပြီး မြို့အနှံ့လျှောက်လည်နေချိန်မှာ အိမ်တွင်းပုန်းလေးတွေလည်း ကားနဲ့ ပျော်ပါးလို့ရတယ်ဆိုရင်ရော စိတ်ဝင်စားကြရဲ့လား။ ကားတော့ ကားပဲ ဒါပေမဲ့ ကိုရီးယားကားလေးပါ။

ပျင်းစရာမကောင်းစေဘဲနဲ့ သင်္ကြန်အားလပ်ရက်လေးကို ပျော်ပျော်ရွှင်ရွှင် အေးအေးလူလူဖြတ်သန်းချင်တဲ့ K-Drama ချစ်သူတွေအတွက် ကိုရီးယားနန်းတွင်းကားကောင်းလေးတွေကို ညွှန်းပေးလိုက်တယ်နော်။ တချို့ကားလေးတွေက နန်းတွင်းကားစစ်စစ်ဖြစ်ပြီး တချို့ကားတွေကတော့ ရှေးခေတ်နန်းတွင်းအချိန်နဲ့ ယနေ့ခေတ်အချိန်ကို ဆက်ဟပ်မှုရှိအောင် တင်ဆက်ထားတဲ့ ကားတွေပဲဖြစ်ပါတယ်။

Sungkyunkwan Scandal

ဆောင်ကျန်ဂွမ် အရှုပ်တော်ပုံဆိုပြီး တစ်ခေတ်တစ်ခါက အင်မတန်နာမည်ကြီးခဲ့တဲ့ကားလေးပါ။ မိန်းကလေးက ယောကျာ်းလေး ဟန်ဆောင်ရင်း မိန်းကလေးနဲ့ ယောကျာ်းလေး ချစ်ကြိုက်သွားကြတဲ့ ကားလေးပေါ့။ ဘယ်တော့ကြည့်ကြည့် မရိုးနိုင်တဲ့ ကားကောင်းတစ်ကားပါပဲ။

Moonlight Drawn By Clouds

Park Bo Gum ကို နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ဖြစ်ခဲ့ရတဲ့ ကိုရီးယားကားလေးပါပဲ။ ဒီကားထဲမှာကျတော့ မင်းသမီးက ကုန်းကုန်းဟန်ဆောင်ရပြီး နန်းတွင်းထဲရောက်သွားရတာပါ။ အိမ်ရှေ့စံမင်းသားနဲ့ ကုန်းကုန်းတို့ကြားမှာ ဘယ်လိုရိုမန့်စ်လေး ခင်းထားသလဲဆိုတာ ကြည့်ဖူးသူတွေ အသိပါပဲနော်။

The Moon Embracing The Sun

ပျိုမေတို့ရဲ့ အသည်းကျော် မင်းသားလေး Kim Soo Hyun က “Moon” တို့ “Star” တို့နဲ့ အကျိုးပေးတဲ့ ပုံပါပဲ။ “My Love From Another Star” မှာလည်း ချောင်းဆုန်းရီ (Jun Ji Hyun) ဆိုတဲ့ မင်းသမီးချောနဲ့ တွဲရိုက်ပြီးတဲ့နောက်မှာ အနုပညာကြေးအမြင့်ဆုံး မင်းသားတစ်လက်ဖြစ်သွားတာပါ။ “The Moon Embracing The Sun” ကလည်း သူ့ရဲ့အောင်မြင်မှုမှတ်တိုင်တစ်ခုလို့ ပြောလို့ရပါတယ်။

100 Days My Prince

ဒီကားလေးက အခုဆိုရင် “ချစ်နေ့စွဲတစ်ရာ” ဆိုပြီး ရုပ်မြင်သံကြားမှာ စနေ၊ တနင်္ဂနွေနေ့တိုင်း လောလောလတ်လတ် လွှင့်နေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ တီဗွီက လွှင့်တာကို စောင့်ကြည့်ရတာ စိတ်မရှည်ရင် သင်္ကြန်ပိတ်ရက်မှာ အစအဆုံးသာ ကြည့်လိုက်တော့နော်။

The Last Empress

ဒီကားလေးကတော့ မကြားသေးခင်ကမှာ ကိုရီးယားတီဗွီရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသပြီးသွားတဲ့ ကားလေးပါပဲ။ မော်ဒန်ခေတ် ဆက်တင်အပြင်အဆင်နဲ့ နန်းတွင်းအပြင်အဆင်ကို ရောယှက်ထားတဲ့ ကားကောင်းတစ်ကားမို့ မကြည့်ရသေးရင် မြန်မြန်ကြည့်လိုက်ဖို့ အကြံပေးပါရစေနော်။

Moon Lovers: Scarlet Heart Ryeo

တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဂျပန်၊ ထိုင်း၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေ မဆိုထားနဲ့ အမေရိကန်နိုင်ငံအထိတောင် တော်တော်လေး ပေါက်ခဲ့တဲ့ Moon Lovers က ကိုရီးယားနိုင်ငံက စီးရီးချစ်သူတွေကြားမှာတော့ ထင်သလောက် လူကြိုက်မများခဲ့ပါဘူး။ ဒီကားလေးရဲ့ ဒုတိယတွဲကို စောင့်မျှော်နေတဲ့အထဲမှာတော့ စာရေးသူတစ်ယောက်တည်း မဟုတ်ဘူးနဲ့ တူတယ်နော်။ ဒုတိယတွဲမလွှင့်ခင်မှာ ပထမတွဲလေးနဲ့ အရင်ဆုံးအလွမ်းဖြေထားလိုက်ကြရအောင်။

အခြားကားကောင်းလေးတွေရော မရှိတော့ဘူးလား မေးရင်တော့…

The Crowned Clown

Mr. Sunshine

The King Loves

Arang And The Magistrate

Gu Family Book

My Love From The Star

The Legend Of The Blue Sea

Goblin

ကဲ… K-Drama ချစ်သူတို့ရေ အခုဖော်ပြသွားတဲ့ ကားတွေထဲက ဘယ်နှကား ကြည့်ဖို့ ကျန်သေးလဲ။ ဒီကားတွေနဲ့သာဆိုရင်တော့ သင်္ကြန်ပိတ်ရက်အတွက် လုံလောက်ပြီပေါ့နော်။

Source: Soompi.com