တစ်ယောက်နဲ့တစ်ယောက် Date လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုကတည်းက သင်တို့ကတစ်ယောက်အကြောင်း တစ်ယောက်စိတ်ဝင်စားနေပြီဆိုတာ သေချာနေပါပြီ။ လူတစ်ယောက်ရဲ့အကျင့်စရိုက်ကို သိချင်ရင် သူ့အပြုအမူကို အသေးစိတ်အကဲခတ်လိုက်ရုံနဲ့ သိနိုင်ပါတယ်။

၁။ ဆံပင်နဲ့ အင်္ကျီကို ကြည့်ကောင်းအောင် ခဏခဏပြင်နေရင်

အကယ်၍မိန်းကလေးတစ်ယောက်က သူ့ဆံပင်ကိုခဏခဏလက်နဲ့ သပ်နေတာမျိုး၊ ယောကျာ်းလေးကလည်း သူ့အင်္ကျီမှာကပ်နေတဲ့ အမှုန်အမွှားလေးကအစ ဂရုတစိုက်ဖယ်ရှားနေတာမျိုးဆို သေချာပါတယ် သင်တို့တစ်ယောက်နဲ့တစ်ယောက်နှစ်သက်နေကြပါပြီ။ လူတိုင်းက ကိုယ်စိတ်မဝင်စားတဲ့သူအရှေ့မှာဆို ဘယ်လိုပုံစံဖြစ်နေ ဖြစ်နေ ဂရုမစိုက်ပေမဲ့ ကိုယ်စိတ်ဝင်စားတဲ့သူအရှေ့ဆို အမြဲတစေကြည့်ကောင်းအောင် ပြင်ဆင်တတ်ကြပါတယ်။

၂။ သင်နဲ့ eye contact ရှိပြီးတော့ ခန္ခာကိုယ်ကိုသင့်ဘက် အနည်းငယ်တိမ်းညွှတ်ထားမယ်ဆိုရင်

Eye contact ကအရမ်းစကားပြောပါတယ်။ လူတစ်ယောက်က သင်ပြောတဲ့အကြောင်းအရာနဲ့ သင့်ကို စိတ်ဝင်စားနေပြီဆိုရင် သူ့ရဲ့မျက်လုံးအကြည့်တွေက ညင်သာပျော့ပျောင်းနေတာတွေ့ရမှာပါ။ စကားပြော နေရင်းနဲ့မှ သင့်ဆီ ခန္ခာကိုယ်ကို အနည်းငယ်တိမ်းညွှတ်ထားမယ်ဆိုရင်တော့ သင့်ပင်ကိုစရိုက်ကိုပါ စိတ်ဝင်စားနေပြီဆိုတာ သိနိုင်ပါတယ်။

၃။ မျက်မှောင်ကြုပ်ပြီး လက်ပိုက်ထားတယ်ဆိုရင်

တစ်ဖက်လူက လက်ပိုက်ထားမယ်၊ ဒါမှမဟုတ် လက်တစ်ဖက်က ပုခုံးကိုကိုင်ထားပြီး မျက်မှောင်ကြုပ်ထား တာမျိုးဆိုရင်တော့ သူ့အပြုအမူကိုသေချာအကဲခတ်ဖို့လိုပါပြီ။ သူက သင့်အနားမှာနေရတာ သက်တော့သက်သာမရှိတာမျိုးဖြစ်နိုင်သလို၊ သင့်အပြုအမူကလည်း ပုံမှန်ထက်လွန်ကဲနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၎။ ဖုန်းကို အမြဲတမ်းကြည့်နေရင်

တစ်ဖက်လူက သူရဲ့ဖုန်းကိုပဲအသည်းအသန်ကြည့်နေမယ်ဆိုရင် သင်နေရခက်မှာ အမှန်ပါပဲ။ ဒါဟာသူ့ရဲ့မသိစိတ်ထဲက social media ကိုစွဲလမ်းမှုကြောင့် မတော်တဆ ဖုန်းကိုင်မိလျက်သား ဖြစ်သွားတာမျိုးဖြစ်နိုင်သလို၊ သင်က စိတ်ဝင်စားဖို့မကောင်းဘူးဆိုတာကို တစ်ဖက်လှည့်နဲ့ တမင်ဖော်ပြလိုက်တာလည်းဖြစ်နိုင်ပါတယ်။

၅။ လိုတာထက်ပိုပြီး လျို့ဝှက်နေမယ်ဆိုရင်

ပထမဆုံးတွေ့ဆုံမှုမှာတင် တစ်ဖက်လူက အလုပ်အရမ်းများတဲ့သူလား၊ အလုပ်ရှုပ်ချင်ယောင်ဆောင်တဲ့ သူလားဆိုတာ သိဖို့မခဲယဉ်းပါဘူး။ အရမ်းကြီးလျို့ဝှက်နေတာမျိုး၊ နာရီကိုခဏခဏကြည့်နေတဲ့သူမျိုး၊ ဖုန်းခဏခဏဖြေနေရပြီးတော့ အလုပ်ကဆက်တာပါလို့ပြောတဲ့သူမျိုးဆို ဝေးဝေးကရှောင်တာပဲကောင်းပါတယ်။ လက်ထပ်ထားပြီးသားလူတွေက သင်နဲ့မတွေ့ခင် သူတို့ရဲ့လက်ထပ်လက်စွပ်ကို ချွတ်ပြီးတာတောင်မှ သူတို့လက်စွပ်ဝတ်နေကြလက်ကို ဖုံးထားတတ်ကြပါတယ်။

၆။ ရည်းစားဟောင်းအကြောင်းပြောနေမယ်ဆိုရင်

ရည်းစားဟောင်းနဲ့ပြတ်ပြီဆိုရင် လူတွေကအသစ်တစ်ယောက် မြန်မြန်အစားထိုးပြီး သူတို့ရဲ့ပျော်ရွှင်မှုကို ရှာဖွေချင်ပါတယ်။ ဒါပေမဲ့ရည်းစားဟောင်းအကြောင်းဆိုတာ First date မှာ ပြောရမဲ့အကြောင်းအရာမဟုတ်ပါဘူး။ ဒီလိုလုပ်ခြင်းက relationship အသစ်အတွက် သင်ကအဆင်သင့် မဖြစ်သေးဘူးဆိုတာ ဖော်ပြနေပါတယ်။

၇။ သင့်အရှေ့မှာ ကလေးတစ်ယောက်လိုဆိုးပြနေရင်

သင်တို့က ကော်ဖီဆိုင်မှာချိန်းတွေ့နေရင်းနဲ့ တစ်ဖက်လူက ကော်ဖီကလည်း အရမ်းပူတာပဲ၊ ကိတ်မုန့်ကလည်း စားလို့မကောင်းဘူး၊ ခုံကလည်း ထိုင်ရတာ သက်သောင့်သက်သာမဖြစ်လိုက်တာ စသည်ဖြင့် တစ်ခုမဟုတ် တစ်ခုအပြစ်ရှာနေရင် သင့်ဆီက attention လိုချင်တာလည်းဖြစ်နိုင်သလို သူ့ရဲ့ပင်ကိုစရိုက်လည်းဖြစ်နိုင် ပါတယ်။ သင်တို့တွဲနေချိန်အတောအတွင်းမှာလည်း သင်ကအကောင်းဆုံး လုပ်ပေးသည့်တိုင်အောင် သင့်ကိုတစ်ခုမဟုတ် တစ်ခုအပြစ်ရှာနေမှာပါ။

၈။ သင့်ရဲ့လက်ကို ကိုင်ဖို့ကြိုးစားတာမျိုး

ယောကျာ်းလေးက မိန်းကလေးရဲ့လက်ကို ညင်သာစွာကိုင်ဖို့ ကြိုးစားနေရင် ပြီးတော့ သူ(မ)ဘက်ကလည်း ကြည်ဖြူနေရင် ဒါဟာကောင်းတဲ့လက္ခဏာတစ်ရပ်ပါပဲ။ ဒီလိုမှမဟုတ်ဘဲနဲ့ သူ(မ)ဘက်က မသိချင်ယောင်ဆောင်နေရင်တော့ ဒီတွေ့ဆုံမှုဟာ မအောင်မြင်ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။ တစ်ခါတစ်ရံမှာတော့ မိန်းကလေးက ရှက်နေတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။

၉။ အရမ်းဂရုစိုက်လွန်းရင်

သင်တို့နှစ်ယောက်က အခုပဲတွေ့တယ် တစ်ဖက်လူက သင့်ကိုစိုးရိမ်လွန်ပြီး အဆင်ပြေရဲ့လား၊ သက်သောင့်သက်သာဖြစ်ရဲ့လား၊ အရမ်းချမ်းနေလား စသည်ဖြင့် ထောင်ပေါင်းများစွာသော မေးခွန်းတွေမေးနေရင်တော့ ဂုဏ်ယူပါတယ်၊ သင်ဟာ ဂရုစိုက်တတ်တဲ့သူတစ်ယောက်ကို တွေ့ရှိသွားပါပြီ။ သူ့ရဲ့အစိုးရိမ်လွန်ကဲမှုက သင်အနေကြပ်လား၊ သက်သောင့်သက်သာဖြစ်ရဲ့လားဆိုတာ ဆုံးဖြတ်ရမှာကတော့ သင့်အပေါ်မှာပဲမူတည်ပါတယ်။

၁၀။ သင်နဲ့ ဘေးချင်းကပ်လျှောက်နေတာလား၊ သင့်အရှေ့ကလျှောက်နေတာလား

ပန်းခြံထဲ လမ်းအတူတူလျှောက်နေချိန် ဘေးချင်းကပ်လျှောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းထိကပ်နေမယ်ဆိုရင်တော့ ဒါဟာကောင်းတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒီလိုမှမဟုတ်ဘဲနဲ့ တစ်ဖက်လူက အရှေ့ရောက်နေတာပဲဖြစ်ဖြစ်၊ အနောက်မှာကျန်နေခဲ့တာပဲဖြစ်ဖြစ်လုပ်နေမယ်ဆို သူဟာ သင့်အဆင်ပြေမှုထက် သူတို့အဆင်ပြေဖို့ကိုသာ ကြည့်တတ်တဲ့သူပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် First date မှာ အရမ်းရှက်ပြတာမျိုးတို့ မျက်မှောင်ကြီးကြုပ်နေတာမျိုးတို့ မလုပ်မိအောင်တော့ သတိထားပါ။ တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း စကားလက်ဆုံကျလို့ကောင်းရုံ၊ သာယာတဲ့ညနေခင်းလေးကို အတူတူဖြတ်သန်းလိုက်ရုံနဲ့တော့ ပျော်ရွှင်ဖွယ်မင်္ဂလာပွဲကိုဆင်နွှဲရလိမ့်မယ်လို့တော့ အာမခံလို့မရပါဘူး။

Source: BrightSide