ပျော်ရွှင်မှုဆိုတာ ငွေနဲ့ပေးဝယ်လို့မရပါဘူး။ ဂုဏ်၊ ငွေ၊ ပကသနတွေက သင့်ကို ပျော်ရွှင်အောင်မလုပ်နိုင်ပါဘူး။ ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတာ ပျော်ရွှင်မှုနဲ့ မသက်ဆိုင်ပါဘူး။ သင့်လောဘတွေ အတောမသတ်နိုင်သမျှ၊ သင့်ကိုယ်သင် တခြားသူတွေနဲ့ နှိုင်းယှဉ်နေသမျှကာလပတ်လုံး သင်ဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်ပါဘူး။

တခါက ကျွန်မအသိ အန်တီ တစ်ယောက်ပြောဖူးတယ်။ သူနဲ့ ကျွန်မ ကားအတူတူ စီးနေရင်းနဲ့မှ လမ်းမှာ ချဉ်ပေါင်းလိုက်ရောင်းနေတဲ့ ဈေးသည်တွေ အချင်းချင်း ပြောဆို ရယ်မောနေတာတွေ့တော့ သူတို့တွေလည်း သူတို့ဘ၀နဲ့ သူတို့ပျော်ကြတာပဲ။ ရယ်မောနေတာပဲနော်တဲ့။ အန်တီတို့ထက်တောင် ပိုပြီးရယ်မောနိုင်သေးတယ်လို့ဆိုတယ်။ ကျွန်မရင်းထဲမှာ တွေးမိတဲ့အတွေးလေးတစ်ခု။ လူဆိုတာ ရောင့်ရဲတင်းတိမ်မှုသာ ရှိရင် ပျော်ရွှင်ကြတာပါပဲလို့လေ။

ဘ၀မှာ ပျော်ရွှင်မှုဆိုတာ ရဖို့အတွက် ဘယ်လိုအမူအကျင့်လေးတွေ ရှိသင့်လဲဆိုတာကို စာဖတ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်။

၁။ ပျော်ရွှင်မှုကို ရွေးချယ်ပါ။

စိတ်ဖိစီးမှု ကင်းကင်း သောကင်းကင်းနဲ့ တစ်နေ့တာလုံး နေထိုင်ပါ။

၂။ စိုးရိမ်သောကတွေကို ဖယ်ထုတ်ထားပါ။

စိုးရိမ်သောကတွေဟာ သင့်ကို ပိုပြီး စိတ်ဆင်းရဲစေပါတယ်။ ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်ဖို့ စိုးရိမ်သောကတွေကို ဖယ်ထားပါ။

၃။ ခွင့်လွှတ်ပါ။ မေ့လိုက်ပါ။

ကိုယ့်အပေါ် တခြားသူတွေ မကောင်းတာတစ်ခုခုလုပ်ထားတာရှိရင် သင့်အနေနဲ့ ချည်နှောင်မထားဘဲ ခွင့်လွှတ်လိုက်ပါ။ သူကိုယ့်အပေါ်လုပ်ထားတဲ့ မကောင်းတာမှန်သမျှကို မေ့ပစ်လိုက်ပါ။ သင့်အနေနဲ့ ဆက်ပြီး ချည်နှောင်ထားမယ်ဆိုရင် သင့်ကို ပိုပြီး နာကျင်စေပါလိမ့်မယ်။

၎။ ကျေးဇူးတင်တတ်ပါစေ။

တစ်ယောက်ယောက်က ကိုယ့်အပေါ် တစ်ခုခု ကူညီလိုက်တဲ့အခါ ကိုယ့်အနေနဲ့ ကျေးဇူးတင်တတ်ပါစေ။

၅။ မိတ်ဆွေသူငယ်ချင်းတွေထားပါ။

မိတ်ဆွေသူငယ်ချင်းတွေဆိုတာ သင့်အတွက် ပျော်ရွှင်စရာတွေ ယူဆောင်လာပေးတာပါ။ စစ်မှန်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ ၀န်းရံလို့ ဘ၀ကို ရှေ့ဆက်ပါ။

၆။ ကိုယ့်ကိုကိုယ် ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။

တခြားသူနဲ့ ကိုယ့်ကိုကိုယ် မနှိုင်းယှဉ်ပါနဲ့။ ငါသူ့လော်ကဘာလို့မတော်တာလဲ။ ငါသူ့လောက် ဘာလို့ မချမ်းသာတာလဲဆိုတဲ့ စိတ်မျိုး မထားပါနဲ့။ သင့်ပန်းတိုင် သင့်ရည်မှန်းချက်။ သင်ဟာ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

၇။ တခြားသူအပေါ် ကြင်နာပါ။

တခြားသူအပေါ် သနားကြင်နာပါ။ ပေးကမ်းမျှဝေပါ။ ဒါဆို သင်ပျော်ရွှင်ရမှာပါ။

၈။ ငွေနဲ့ ပျော်ရွှင်မှုကို ၀ယ်လို့မရပါဘူး။

ငွေကြေးဘယ်လောက်ရှိရှိ စစ်မှန်တဲ့ ပျော်ရွှင်မှုကို သင်ဝယ်လို့မရနိုင်ဘူးဆိုတာ နားလည်ရင် ဘ၀ဟာ နေပျော်စရာပါပဲ။

၉။ သေးငယ်တဲ့အရာတွေပေါ်မှာလည်း သင်ပျော်ရွှင်ပါ။

ကြီးကြီးမားမား အောင်မြင်မှုမဟုတ်ရင်တောင် လက်ဆောင်လေးတစ်ခုရတာ၊ ပုဒ်စာတစ်ပုဒ်ကို ဖြေရှင်းလိုက်နိုင်တာ၊ အလုပ်တွေ ကောင်းကောင်းပြီးသွားတာ၊ ကိုယ်လုပ်တာတော်လို့ တခြားသူတွေက ကိုယ့်ကို ချီးကျူးစကားပြောတာ စတဲ့ အောင်မြင်မှု သေးသေးလေးတွေအပေါ်မှာလည်း သင်ပျော်ရွှင်တတ်ပါစေ။

၁၀။ အကောင်းဖက်ကပဲတွေးပါ။

လောကကြီးကိုအဆိုးဖက်က မြင်နေရင် သင်ဘယ်တော့မှ စိတ်ချမ်းသာပျော်ရွှင်ရမှာမဟုတ်ပါဘူး။ အကောင်းဖက်က တွေးပါ။