မျက်လုံး လိုင်နာဆွဲတဲ့အခါ အရေးကြီးဆုံးကတော့ အာရုံစူးစိုက်နိုင်စွမ်းရှိပြီး လက်ငြိမ်ဖို့ပဲဖြစ်ပါတယ်။ လက်ငြိမ်မှသာ လှပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာပါ။ နို့မဟုတ်ရင် လိုင်နာက မသေမသပ်ဖြစ်သွားပြီး သင့် မျက်လုံးက ကြည့်ရဆိုးသွားတတ်ပါတယ်။

ပျိုမေလေးတို့လည်း အိုင်းလိုင်နာဆွဲတဲ့အခါ ကြည့်ရဆိုးတဲ့လိုင်နာမဖြစ်ဖို့အတွက် အခုဖော်ပြပေးမယ့် အမှားလေးတွေကို ရှောင်ကြဉ်ဖို့လိုမယ်နော်။

တုံးနေတဲ့ လိုင်နာခဲတံနဲ့ လိုင်နာဆွဲခြင်း

အိုင်းလိုင်နာဆွဲမယ့်အချိန်တိုင်း လိုင်နာခဲတံက ချွန်ထက်နေရပါမယ်။ ဒါမှ တစ်ဖြောင့်တည်းဖြစ်ပြီး လှပသေသပ်တဲ့ မျက်လုံးမိတ်ကပ်လေးဖြစ်သွားမှာပါ။

အရောင်လိုင်နာဆွဲမယ်ဆိုရင်

လိုင်နာ အမဲရောင်မဟုတ်ဘဲ အရောင်လိုင်နာတွေ ဆိုးမယ်ဆိုရင် မျက်ခမ်းစပ် အောက်ဘက်ကို လိမ်းခြယ်စရာမလိုပါဘူး။ အပေါ် မျက်ခွံကို ခြယ်ပေးတာနဲ့တင် လုံလောက်နေပါပြီ။

မျက်ရစ်အပြည့် လိုင်နာဆွဲခြင်း

လိုင်နာ တစ်ဖက်နဲ့ တစ်ဖက် မတူလို့ လိုက်ညှိဖို့ကြိုးစားရင် လိုင်နာအထူကြီးဖြစ်သွားတာကို မိန်းကလေးတိုင်း ကြုံတွေ့ဖူးကြပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် စဆွဲကတည်းက ပါးပါးမျှင်မျှင်လေးပဲဆွဲပြီး စိတ်ငြိမ်အောင် ထားရမယ်နော်။

အရည်လိုင်နာဆွဲတဲ့အခါ

အရည်အိုင်းလိုင်နာအသုံးပြုတဲ့အခါ မျက်ခွံအပေါ်မှာပဲ လိမ်းခြယ်ရပါမယ်။ အောက်မျက်ခမ်းစပ်မှာ လိမ်းခြယ်ချင်တယ်ဆိုရင်တော့ ခဲတံလိုင်နာကို အသုံးပြုပါ။

ကြာရှည်မခံတဲ့ အိုင်းလိုင်နာ အသုံးပြုခြင်း

အရည်အသွေးကောင်းတဲ့ ရေစိုခံ အိုင်းလိုင်နာ အသုံးပြုပါလို့ ပျိုမေလေးတို့ကို အကြံပေးချင်ပါတယ်။ ကြာရှည်မခံတဲ့ အိုင်းလိုင်နာက ချွေးကြောင့်သော်လည်းကောင်း၊ မိုးရွာတဲ့အခါမှာ မိုးရေစက်များကြောင့်သော်လည်းကောင်း လိုင်နာပြန့်သွားရင် ကြည့်ရဆိုးစေပါတယ်။

မျက်တောင်မွှေးနဲ့ လိုင်နာကြား ကွာဟနေခြင်း

အိုင်းလိုင်နာနဲ့ မျက်တောင်မွှေးနဲ့က တစ်ဆက်တည်းဖြစ်နေမှ လှနေမှာပါ။ ဖြစ်နိုင်ရင် မျက်တောင်မွှေးနဲ့ နီးနိုင်သမျှ နီးကပ်အောင်သာဆွဲလိုက်ပါ။

လိုင်နာက တစ်တန်းတည်းမဟုတ်ဘဲ အထပ် အထပ်ဖြစ်သွားခြင်း

ဒီအမှားကတော့ လက်မငြိမ်တဲ့အမှားကြောင့်ပဲဖြစ်ပါတယ်။

လိုင်နာဆွဲတဲ့အခါ မျက်ခွံကို အပေါ်သို့ ဆွဲဆန့်ထားခြင်း

မျက်ခွံကို အပေါ်ဆွဲဆန့်ထားရင် ပိုလှမယ်လို့ ထင်မိတတ်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ မျက်လွှာချထားပြီး ဆွဲရင်လည်း ရသလို မျက်လုံးအိမ်ကို အပေါ်မော့ကြည့်ပြီး ဆွဲမယ်ဆိုလည်း ရပါတယ်။

အောက်မျက်ခမ်းအတွင်းသားအထိ လိုင်နာဆိုးထားခြင်း

သင့်မျက်လုံးကို ဘောင်ခတ်ပစ်လိုက်တာကြောင့် မျက်လုံးပိုသေးသွားတဲ့ပုံပေါက်စေပါတယ်။

Blend လုပ်တာ အရှိန်လွန်သွားခြင်း

ဒီလိုင်နာအမှားကတော့ သင့်မျက်ဝန်းကို ပန်ဒါမျက်လုံးပုံပေါက်သွားစေမှာပဲဖြစ်ပါတယ်။

ဒီအချက်လေးတွေ သိပြီဆိုတော့ နောက်တစ်ခါ လိုင်နာဆိုးတဲ့အခါ အခုဖော်ပြသွားတဲ့အချက်တွေကို ရှောင်ကြဉ်ပေးဖို့ လိုမယ်နော်။

Source: Brightside.me

By MyStyle Myanmar