ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့အခါ တစ်ယောက်တည်းနေရတာကို ကျင့်သုံးရပါမယ်။ ရက်နည်းနည်းလောက် တစ်ယောက်တည်း နေရတာကို စမ်းကြည့်ပြီး အဲဒီကနေမှ တစ်ကိုယ်တော်ခရီးထွက်ဖို့ ကြိုးစားကြည့်ပါ။ အမြဲတမ်း မိသားစုနဲ့ဘဲ ခရီးသွားနေကျဆိုရင်တော့ တစ်ကိုယ်တော် ခရီးသွားဖို့တော့ နည်းနည်းအခက်တွေ့နိုင်ပါတယ်။

ဒါပေမယ့် သေချာတဲ့ အမှန်တရားကတော့ ဒါဟာ မယုံနိုင်လောက်အောင် လွတ်မြောက်နိုင်ပြီး လူတစ်ယောက်အနေနဲ့ သင့်ကိုယ်သင် လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
တစ်ကိုယ်တော်ခရီးသွားခြင်းဆိုတာ လူတိုင်းတွေ့ကြုံခံစားသင့်တဲ့ အရာလို့ ယုံကြည်ပါတယ်။ တစ်ကိုယ်တော် ခရီးထွက်တာရဲ့ ကောင်းကျိုးတွေက ဘာလဲဆိုတာကို‌တော့ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြ ထားတာမလို့ ဖတ်ကြည့်လိုက်ပါ။

ကိုယ်တိုင်လေ့လာသင်ယူနိုင်တယ်

တစ်ကိုယ်တော် ခရီးထွက်တဲ့အခါ သင့်အကြောင်းကို သင်ပိုသိလာမယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ခရီးစဉ်မှာကြုံတွေ့ရမယ့်အရာတွေ ဒုက္ခတွေကို ကိုယ်တိုင် ဖြေရှင်းတဲ့အခါ သင့်ရဲ့အားနည်းချက်တွေ ၊ အားသာချက်တွေကို သိသာလာမှာပါ။

ယုံကြည်မှုတွေ တိုးလာမယ်

ကိုယ့်ကိုကိုယ် ပိုသိလာတာနဲ့အမျှ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တိုးလာမှာပါ။ စောနကပြောခဲ့သလိုပဲ တစ်ခုခု မှားသွားရင် ဒါမှမဟုတ် ပြဿနာကို ဖြေရှင်းဖို့ လိုအပ်ရင် အမေ ဖေဖေဆီ လှည့်ပြန်လို့မရပါဘူး။ ဒီအရာတွေကို တစ်ယောက်တည်း လုပ်ရတာက သက်တောင့်သက်သာ ဇုန်ထဲကနေ ရုန်းထွက်ဖို့ တွန်းအာတစ်ခုဖြစ်စေမှာပါ။

မိတ်ဆွေသစ်တွေရမယ်

တစ်ကိုယ်တော် ခရီးထွက်တဲ့အခါ လူသစ်တွေနဲ့ စကားပြောရတာ ပိုပြီး ပွင့်လင်းလာမယ်။ ဒါ့အပြင် အံ့သြစရာကောင်းတဲ့ လူတချို့နဲ့ တွေ့ဆုံပြီး မတူညီတဲ့ ယဉ်ကျေးမှုတွေကိုလည်း လေ့လာနိုင်ပါတယ်။

ပိုလွတ်လပ်လာမယ်

တစ်ကိုယ်တော် ခရီးထွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားကိုးရတယ်၊ စိတ်သွားတိုင်းကိုယ်ပါနိုင်တာကြောင့် အရင်ကထက် ပိုလွတ်လပ်လာပါလိမ့်မယ်။ တစ်ယောက်တည်း ပျော်ပျော်ပါးပါး လျှောက်လည်ရင်း ကြည်နူးစရာကောင်းတဲ့ အချိန်တွေ ရှိနေပါသေးတယ်။

ငွေကြေးစီမံခန့်ခွဲမှုကျွမ်းကျင်လာမယ်

တစ်ကိုယ်တော် ခရီးထွက်တဲ့အခါ ဘတ်ဂျက်နည်းနည်းနဲ့ ဘယ်လိုသွားရမယ် ဘာကိုဦးစားပေးရမယ် ဘာကိုတော့လျော့ရမယ်စသဖြင့် အရာရာစီမံရင်း ငွေကြေးကိုလည်း စီမံလာနိုင်မှာပါ။

လွတ်လွတ်လပ်လပ်သွားလို့ရမယ်

သင်တစ်ယောက်တည်း ခရီးထွက်တဲ့အခါ အစီအစဉ်အားလုံးကို သင့်စိတ်တိုင်းကျ ဆုံးဖြတ်နိုင်ပါပြီ။ နေဝင်ချိန်ကိုကြည့်ဖို့ ရှည်လျားတဲ့ တောင်တက်ခရီးကို သွားချင်ရင် ဘယ်သူမှ မင်းကို တားမှာ ဒါမှမဟုတ် လမ်းတလျှောက် ညည်းညူနေမှာ မဟုတ်ပါဘူး။

ပြောဆိုဆက်ဆံရေးစွမ်းရည်တိုးလာမယ်

ဇာတိဘာသာစကားကို မပြောတတ်တဲ့နိုင်ငံကို ခရီးသွားရင် မင်းရဲ့ ဆက်သွယ်မှုစွမ်းရည်ကို မဖြစ်မနေလုပ်ဆောင်ရတော့မှာပါ။ ဒါကလည်း တစ်ကိုယ်တော်ခရီးသွားခြင်းကနေရလာမယ့် တန်ဖိုးရှိတဲ့ အရည်အချင်းတွေပါ။