စိတ်အားထက်သန်မှုဆိုတာ ရှာဖွေရခက်ခဲတဲ့ အရာတစ်ခုပါ၊ လူတိုင်းဆီမှာလည်း မတွေ့နိုင်သလို၊ လူတိုင်းကလည်း တစ်ချိန်လုံး စိတ်ဓာတ်တက်ကြွနေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် စိတ်ဓာတ်ကျ အားငယ်နေတဲ့အချိန်မျိုးမှာပေါ့။ ဘဝကြီးမှာ ပျော်စရာတစ်လှည့် ငိုစရာတစ်လှည့် ကြုံတွေ့ရစမြဲပါပဲ။ စိတ်ညစ်စရာတွေ ကြုံလာခဲ့ရင်လည်း ထိုင်ငိုမနေဘဲ မိမိကိုယ်ကို ပျော်အောင်ထားတတ်ရပါမယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဘယ်လိုဖြတ်သန်းသင့်လဲဆိုတော့

ဆန့်ကျင်ဘက်အရာတွေကို ပြုလုပ်ပါ

Photo Source: madridoutdoorsports.com

တစ်နေကုန်လုံး ဖုန်းသုံးတာ၊ တီဗွီကြည့်တာတွေကြောင့် စိတ်ဓာတ်ကျတတ်ပါတယ်၊ ဒါတွေက သင်နေ့စဉ်နေ့တိုင်း ပြုလုပ်နေရတာကြောင့် ငြီးငွေ့လာတာပါပဲ။ အဲ့ဒီအချိန်မှာ အခြားသော အသစ်အဆန်းအရာတစ်ခုကို ပြုလုပ်ပေးခြင်းဖြင့် မိမိကိုယ်ကို အာရုံလွှဲလိုက်ပါ။

လှလှပပပြင်ဆင်ခြယ်သပြီး အပြင်ထွက်ပါ

စိတ်ဓာတ်ကျတဲ့အခါ ဘယ်မှမသွားချင်၊ ဘာကိုမှ မလုပ်ချင် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အိမ်ထဲမှာပဲ ပေတေပြီး ထိုင်နေမယ်ဆို ပိုစိတ်ညစ်ရပါလိမ့်မယ်။ မိမိကိုယ်ကို အလှဆုံးပြင်ဆင်ပြီး လောကမှာ ငါသည်သာအလှဆုံးဆိုတဲ့ စိတ်လေးသွင်းထားပြီး အပြင်ထွက်ကာ မိမိစိတ်အာရုံကို လွှဲထားလို့ ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ခါးဘေးကအဆီတွေကျစေမယ့် လေ့ကျင့်ခန်း (၅) မျိုး

လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ရုံသာမကဘဲ မိမိရဲ့ စိတ်ရွှင်လန်းတက်ကြွနေအောင် ပြုလုပ်ပေးပါတယ်။

တရားထိုင်ပါ

Photo Source: www.today.com

တရားထိုင်ခြင်းက မိမိရဲ့ စိတ်ဝိဥာဉ်ကို တည်ငြိမ်အေးချမ်းအောင် ပြုလုပ်ပေးပါတယ်။

မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးပါ

စိတ်ညစ်လို့ တစ်ယောက်တည်းနေခြင်းက သင့်ကို ပိုစိတ်ညစ်စေပါတယ်။ တစ်ယောက်တည်း နေမယ့်အစား ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းနဲ့ စကားလေးဘာလေးပြောမယ်၊ ကိုယ်စိတ်ညစ်ရတဲ့ အကြောင်းအရင်းကို သူတို့ကို ရင်ဖွင့်မယ်၊ အကြံပေးစကားယူမယ် စတာတွေ ပြုလုပ်နိုင်ပါတယ်။ သူငယ်ချင်းအုပ်စုလိုက် ဟေးလားဝါးလားနဲ့ အပြင်ထွက်ရင်လည်း စိတ်အပြောင်းအလဲဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်သွားပါလိမ့်မယ်။

ကျန်းမာရေးကုသမှု ခံယူပါ

Photo Source: nearsay.com

အိမ်ထဲမှာပဲ အိမ်တွင်းအောင်းချင်နေတယ်၊ ဘယ်သူနဲ့မှလည်း စကားမပြောချင် ဖြစ်နေမယ်၊ မိမိလုပ်နေကျ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့မေ့လျော့နေမယ် စတာတွေက စိတ်ကျရောဂါရဲ့ လက္ခဏာတွေပါပဲ။ ခုနက ပြောပြခဲ့တဲ့အရာတွေကို ပြုလုပ်လည်း တိုးတက်မှု မတွေ့ရဘူးဆိုရင်တော့ ကျွမ်းကျင်ပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်မှု အမြန်ဆုံးခံယူသင့်ပါတယ်။ စိတ်ကျရောဂါက ကြာရှည်နေမယ်ဆိုရင် မိမိရဲ့ အသက်အန္တရာယ်ကိုတောင် ဒုက္ခပေးနိုင်လို့ပါပဲ။

စာဖတ်သူများအားလုံး ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ကြံ့ ကြံ့ ခံရင်ဆိုင်ကျော်လွှားနိုင်ပြီး ပျော်ရွှင်သာယာတဲ့ဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။