နေ့စဉ်ဖြတ်သန်းနေရတဲ့နေ့ရက်တိုင်းမှာ ဆုံးဖြတ်ချက်တွေကို အမြဲတမ်းဆုံးဖြတ်နေရတတ်ပါတယ်။ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေကိုချတော့မယ်ဆိုရင် ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ နေထိုင်မှုဘဝအတွက်ပဲဖြစ်ဖြစ် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချတတ်ဖို့ကအရေးကြီးဆုံးလို့ပြောလို့ရပါတယ်။

ဆုံးဖြတ်ချက်တွေကို ချတော့မယ်ဆိုရင် သေချာမစဉ်းစားပဲ ဆုံးဖြတ်လိုက်တာတွေကြောင့် နောင်အနှစ်အနည်းငယ်ကြာတဲ့အခါမှာ နောင်တရစရာမျိုးတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း သိထားဖို့လိုပါလိမ့်မယ်။

အသင့်စားလို့ရတဲ့အစားစာတွေကိုပဲစားသောက်နေခြင်း

အလုပ်များတဲ့သူတွေအတွက်ကတော့ စားဖို့အတွက်ကိုအချိန်ပေးပြီး လုပ်မနေနိုင်တာကြောင့် အသင့်စားလို့ရတဲ့ ခေါက်ဆွဲပြုတ်စတဲ့ အသင့်စားတွေကိုပဲ စားလာကြတာများပါတယ်။ တစ်ခါတစ်လေတော့ အဆင်ပြေတယ်ဆိုပေမယ့် ်နေ့တိုင်းစားနေတာမျိုးဆိုရင်တော့ အချိန်ကြာလာတဲ့အခါမှာ ကျန်းမာရေးတွေကိုထိခိုက်လာစေနိုင်ပြီး နောင်တရစရာတွေဖြစ်လာနိုင်ပါတယ်။

အားနာပြီးလိုက်လုပ်တတ်တဲ့အကျင့်

တစ်နည်းပြောရရင်တော့ Saying YES ပေါ့။ သူများကအကူညီလာတောင်းတာမျိုးပဲဖြစ်ဖြစ်၊ ခိုင်းတာမျိုးပဲဖြစ်ဖြစ် ကိုယ့်လုပ်ချင်တဲ့စိတ်မရှိနေရင်တောင် သူများဘက်ကိုကြည့်ပေးပြီး လိုက်လျောမိတာမျိုးတွေကလည်း လူငယ်ဘဝမှာရှိကောင်းရှိတတ်တဲ့ ပြဿနာတစ်ခုလို့ဆိုလို့ရပါတယ်။ ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုကို ရောက်လာတဲ့အခါမှာတော့ ဒီလိုမျိုးပြုလုပ်မိတာတွေကြောင့် ကိုယ့်အတွက်ထိခိုက်မှုတွေရှိလာစေတယ်ဆိုပြီး နောင်တတွေရလာနိုင်ကြပါတယ်နော်။ ဒါကြောင့် ကိုယ့်စိတ်နဲ့ကိုယ်ပဲအသက်ရှင်နေထိုင်နိုင်အောင် ကြိုးစားသင့်ပါတယ်နော်။

ရင့်ကျက်သင့်သလောက်မရင့်ကျက်တာ

ငယ်ရွယ်နေသေးတဲ့အချိန်မှာတော့ မရင့်ကျက်ကြတဲ့သူတွေကများပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကိုထိန်းပြီးတော့ ရင့်ကျက်သင့်သလောက်ရင့်ကျက်၊ ထိန်းသိမ်းသင့်သလောက် ထိန်းသိမ်းမယ်ဆိုရင်တော့ အမှားတွေနဲ့ကင်းနေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်နေသေးတဲ့အချိန်မှာ မစဉ်းစားမဆင်ခြင်ပဲ ဆုံးဖြတ်လိုက်တာတွေက တစ်ချိန်ကျရင်ပြန်ပြီးတော့ နောင်တရစရာတွေကိုဖြစ်လာစေမှာပါ။

အရှုံးပေးလိုက်တာမျိုးတွေ

ကိုယ်မလုပ်နိုင်လောက်တော့ဘူးဆိုပြီး စောစောလက်မြှောက်အရှုံးပေးလိုက်တာမျိုးတွေက ငယ်ရွယ်နေတဲ့အချိန်မှာတော့ မသိသာဘူးဆိုပေမယ့် အချိန်တစ်ခု၊ အခြေအနေတစ်ခုကို ရောက်လာတဲ့အချိန်မှာတော့ ဒါကိုပြန်တွေးမိပြီး နောင်တရစရာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ငယ်ရွယ်နေတဲ့အချိန်၊ ကြိုးစားလို့ရနေသေးတဲ့အချိန်တွေမှာ မဖြစ်မနေကြိုးစားပြီး နေထိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

ဒီလိုမျိုးအကြောင်းအရာတွေမှာ သေချာလေးစဉ်းစားပြီး ဆုံးဖြတ်တတ်မယ်ဆိုရင်တော့ အမှားနည်းပြီး တစ်ချိန်မှာလည်းနောင်တရစရာမျိုးတွေရှိလာမှာ မဟုတ်တော့ဘူးလို့ သတ်မှတ်လို့ရပါတယ်။

Photo Source: Pinterest