မိမိကြိုက်နှစ်သက်သမျှ အင်္ကျီအဝတ်အစားအားလုံးကို စိတ်တိုင်းကျဝတ်ဆင်နိုင်ဖို့အရေး ကိုယ်ခန္ဓာလေးကျစ်လျစ်လှပနေဖို့လိုပါတယ်နော်။ အားကစားလုပ်တာက ကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားတက်စေပါတယ်။ ဒါပေမယ့်လည်း ထိုကဲ့သို့လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာနဲ့ Gym တွေကို ပိုက်ဆံအကုန်အကျခံစရာ မလိုပါဘူး။ ဒါကြောင့် ကိုယ်ခန္ဓာကျစ်ကျစ်လျစ်လျစ်နဲ့ လှလှပပလေးဖြစ်နေစေဖို့ ငွေကုန်ကြေးကျသက်သာပြီး အလွယ်တကူလုပ်ဆောင်နိုင်မယ့် ကိုယ်လက်လေ့ကျင့်ခန်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ လမ်းလျှောက်ခြင်း

အင်မတန်ဝေးလံတဲ့နေရာများကို သွားရမှာမဟုတ်ဘူးဆိုရင် အတတ်နိုင်ဆုံးခြေကျင်လျှောက်ပေးပါ။ လမ်းလျှောက်ပေးခြင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့ အထိရောက်ဆုံးနည်းလမ်းများတွေထဲက တစ်ခုအပါအဝင်ပါပဲ။

၂။ စက်ဘီးစီးခြင်း

ခြေထောက်အတွက်ပဲ ကောင်းကျိုးပေးစွမ်းနိုင်တာမဟုတ်ဘဲ တစ်ကိုယ်လုံးအတွက်ကို အကျိုးကျေးဇူးပေးစွမ်းနိုင်ပါတယ်။ တနေရာနဲ့ တနေရာသွားဖို့လည်း ခရီးဖြောင့်စေပြီး လေ့ကျင့်ခန်းလည်းလုပ်ပြီးသားဖြစ်သွားလို့ အလွန်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါပဲ။

၃။ ယောဂလေ့ကျင့်ခန်းများ

ဖုန်းအသုံးပြုနေစဉ်၊ တီဗွီကြည့်နေစဉ်အချိန်များမှာ သရေစာတွေစားပြီးအချိန်ကုန်မည့်အစား ယောဂကဲ့သို့ ရိုးရိုးရှင်းရှင်းလေ့ကျင့်ခန်းတွေကို ပြောင်းလုပ်ကြည့်ပါ။ ကိုယ်ခန္ဓာလည်း ကျစ်လျစ်လှပလာစေနိုင်ပြီး အချိန်ကြာသွားရင် အလေ့အကျင့်ဖြစ်သွားနိုင်တာကြောင့် ကိုယ့်အတွက် အကျိုးပြုစေမည့် လေ့ကျင့်ခန်းလေးများကိုလုပ်ဖို့ အကြံပြုချင်ပါတယ်။

၄။ ကခုန်ခြင်း

ကခုန်ခြင်းဟာ တစ်ကိုယ်ရီအဆီတွေကို ဖယ်ရှားပစ်နိုင်သလို ကယ်လိုရီတွေကိုလည်း အလျင်မြန်ဆုံး လောင်ကျွမ်းစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၅။ တင်းနစ်၊ ကြက်တောင်ကစားခြင်းများ

ဘောလုံး၊ ကြက်တောင်အနောက်ကို အချိန်ပြည့်လိုက်နေရပြီး လက်ကနေလည်းဘက်တံကို အားပြုထားရတာကြောင့် ခြေထောက်နှင့်လက်လေ့ကျင့်ခန်းကို တချိန်တည်းမှာ လုပ်ပြီးသားဖြစ်သွားမှာပါ။

၆။ ပြေးခြင်း

ခြံထဲမှာဖြစ်စေ၊ ပန်းခြံများတွင်ဖြစ်စေ၊ မနက်တိုင်း၊ ညနေတိုင်းပြေးခြင်းက နေရောင်ထဲမှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်နိုင်တာကြောင့် ကိုယ်ခန္ဓာအတွက် သာမက ကျန်းမာရေးအတွက်ပါ အလွန်ကောင်းမွန်ပါတယ်။ ခန္ဓာကိုယ်အားအင်ပြည့်စေရန် သာမက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မှုကိုလည်း ဖြစ်စေတာ ကြောင့် အိပ်မရသူများအတွက်လည်း သင့်တော်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။