မင်္ဂလာပါပျိုမေတို့ရေ… ခရီးသွားတယ်ဆိုတာ လူတစ်ယောက်ရဲ့စိတ်ကို အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာနိုင်ပြီး စိတ်ပင်ပန်းမှုတွေကိုလည်းပြေလျော့စေနိုင်ပါတယ်။ လူတော်တော်များများကတော့ ခရီးသွားရတဲ့ခံစားချက်ကိုကြိုက်နှစ်သက်ကြပါတယ်။ ရင်းနှီးနေကြနေရာမျိုးမဟုတ်တော့ ပိုစိတ်ဝင်စားစရာကောင်းပြီး ပျော်ရွှင်မှုတွေကိုလည်း ရရှိစေနိုင်ပါတယ်။

ဒါပေမယ့် ခရီးသွားဖို့၊ ကိုယ်သွားဖူးချင်တဲ့နေရာတွေကို သွားနိုင်ဖို့အတွက် စိတ်ကူးသက်သက်နဲ့ပဲ ရပ်တန့်ထားလို့တော့မရသေးဘူးလေ။ စိတ်ကူးထဲကအတိုင်း တကယ်ရောက်အောင်သွားဖို့အတွက် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ထားနိုင်ဖို့လည်း လိုတာပေါ့။

ပထမဆုံးလုပ်ရမှာက စုဆောင်းဖို့ပါ

ခရီးသွားတယ်ဆိုတဲ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ လုံလောက်တဲ့ငွေကြေးမျိုးရှိနေဖို့က အဓိကလိုအပ်တဲ့အရာပေါ့။ ဒါကြောင့် အခုကနေစပြီးတော့ ကိုယ်အတွက်လုံလောက်တဲ့ပမာဏမျိုးရအောင် ကြိုတင်ပြီးတော့ စုဆောင်းထားသင့်ပါပြီ။ ကိုယ့်အိပ်မက်ခရီးက အရမ်းကိုဈေးကြီးလွန်းနေတဲ့နေရာမျိုးဆိုရင်လည်း တတ်နိုင်သလောက်စုဆောင်းထားမယ်ဆိုရင် မဖြစ်နိုင်စရာလည်းမရှိတော့ဘူးပေါ့။

ကိုယ်နဲ့တူတူသွားပေးမယ့်သူ

ခရီးသွားတယ်ဆိုတာ တစ်ယောက်ထဲစိတ်လွတ်လက်လွတ် သွားတာကောင်းတယ်ဆိုပေမယ့်လည်း ခရီးသွားဖော်လေးတစ်ယောက်ပါတာက ပိုပြီးတော့သင့်တော်ပါတယ်။ ခရီးသွားဖော်ကိုရွေးချယ်တဲ့အခါမှာလည်း ကိုယ်နဲ့စိတ်တူကိုယ်တူ လိုက်လျောညီထွေရှိပြီး ရင်းနှီးနဲ့သူတစ်ယောက်နဲ့အတူတူ ခရီးထွက်မယ်ဆိုရင် ပိုပြီးတော့ပျော်စရာကောင်းမှာပါ။

ဈေးသက်သာတာမျိုးတွေကိုရွေးချယ်ပါ

study

ခရီးသွားတယ်ဆိုတာ ကိုယ်ရောက်ဖူးချင်တဲ့နေရာမှာရှိတဲ့ အလှအပတွေကိုခံစားပြီး အမှတ်တရတစ်ခုအဖြစ်သိမ်းထားနိုင်ဖို့ပါပဲ။ ငွေကြေးအရမ်းတတ်နိုင်နေရင်တော့ ဘယ်လိုပဲသုံးသုံးကိစ္စမရှိပေမယ့် ပိုက်ဆံကိုသေချာချွေတာစုဆောင်းထားရတဲ့သူတွေအတွက်ကတော့ ဈေးနှုန်းသင့်တော်တဲ့ Hostel တွေ၊ လေယာဉ်လက်မှတ်တွေကို ရွေးချယ်ဖို့စဉ်းစားထားသင့်ပါတယ်။

ကြိုတင်ပြင်ဆင်ထားပါ

ကိုယ်သွားမယ့်နေရာကိုဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်မှုလေးတွေစပြီးတော့ လုပ်ထားသင့်ပါပြီ။ တည်းရမယ့်နေရာတွေစုံစမ်းတာမျိုး၊ ဘယ်နေရာတွေကိုလျှောက်လည်ရမယ်၊ ဘယ်ဆိုင်တွေကကောင်းတယ်ဆိုတာမျိုးတွေကို ကြိုလေ့လာတာ၊ Review တွေကိုသေချာဖတ်ကြည့်ထားတာမျိုးတွေ လုပ်ထားသင့်ပါတယ်။

စိတ်မလျော့လိုက်ပါနဲ့

ကိုယ်မတတ်နိုင်နေတဲ့အချိန်မျိုးတွေမှာ အိမ်မက်တွေတော်တော်များများက ဈေးကြီးနေတတ်ကြပါတယ်။ ကိုယ့်စိတ်ထဲမှာသွားချင်စိတ်ဖြစ်နေပေမယ့် မတတ်နိုင်နေသေးတဲ့အခါမှာ စိတ်ဓာတ်မကျသွားပဲ အိမ်မက်တွေကိုအကောင်အထည်ဖော်နိုင်အောင် ဆက်လက်ပြီးတော့ ကြိုးစားဖို့ကအရေးကြီးဆုံးပါပဲ။