ဘဝမှာ ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိသေးတဲ့သူတွေကို သင်တွေ့မြင်ဖူးမယ် ထင်ပါတယ်။  ဘာမှ မဖြစ်ချင်တဲ့သူတွေကိုပေါ့။ ကျွန်တော်တို့အားလုံးဟာ ဘာကိုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေးကတော့ ရှိကိုရှိဖို့ လိုအပ်ပါလိမ့်မယ်။

အိပ်မက်ရှိခြင်းအားဖြင့် သင့်ဘဝဟာ လမ်းပျောက်တဲ့ဘဝ၊ ဘာမျှော်လင့်ချက်မှ မရှိတဲ့ဘဝရောက်မှာ မဟုတ်တော့ပါဘူး။ အိပ်မက်ဟာ သံလိုက်အိမ်မြှောင်လို ကျွန်တော်တို့ သွားရမယ့်လမ်းမှန်ကို လမ်းညွှန်မှုပေးနေသလိုပါပဲ။ အဲဒီလမ်းမှန်ကို ကိုယ်က မသိသေးသ၍တော့ ကိုယ်လျှောက်လမ်းနေတဲ့ ခရီးကို ရောက်ဖို့ မသေချာသေးပါဘူး။

ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းက ကိုယ်သွားချင်တဲ့ခရီးရဲ့ ဆန့်ကျင်ဘက်တောင် ဖြစ်သွားနိုင်ပါတယ်။ အဲဒီတော့ ကိုယ့်လျှောက်လှမ်းချင်တဲ့ ခရီးကိုသိမှ(အိပ်မက်ရှိမှ) ကိုယ်ရွေးချယ်ရမယ့်လှမ်းကိုလည်း စဉ်းစားနိုင်မှာဖြစ်သလို၊ လျှောက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

အိပ်မက်မရှိရင်တော့ ကိုယ့်မှာ တည်ရှိနေတဲ့ အရည်းအချင်းနဲ့ စွမ်းရည်တွေကို မြင်ဖို့ခဲယဉ်းသွားပါလိမ့်မယ်။ အကြောင်းရင်းကတော့ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို မသုံးသပ်မကြည့်ရှုပဲ ထားလိုက်မိလို့ပါ။ ဆိုတော့ အိပ်မက်ရှိထားတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်မယ်၊ ကိုယ့်အစွမ်းအစကို မြင်မယ်၊အားကိုးမယ်၊ အိပ်မက်ကို အကောင်အထည်ပေါ်လာဖို့ ကြိုးစားနိုင်မှာ ဖြစ်ပါတယ်။

ရလာမယ့် အခွင့်အရေးမှန်သမျှ၊ တွေ့ရှိတဲ့ အရင်းအမြစ်မှန်သမျှ၊ ကိုယ့်အရည်အချင်းတွေအားလုံး တိုးတက်လာတာနဲ့အမျှ၊ ကိုယ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ စွမ်းရည်အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ အိပ်မက်ကကြီးမြင့်လေလေ ကိုယ့်ရဲ့ ဖြစ်တန်စွမ်းက မြင့်မားလေလေပါပဲ။

အမြင်ကျဉ်းတဲ့သူတွေက သူတို့ရဲ့ ဘဝကို သူတို့ သိထားတဲ့ ဗဟုသုတတွေနဲ့ ကန့်သတ်ထားကြပြီး ကြီးမြတ်တဲ့သူများကတော့ သူတို့ဘဝကို မျှော်မြင်မှုအိပ်မက်တွေနဲ့ တည်ဆောက်ကြပါတယ်။ အကယ်၍ သင့်ရဲ့ မျှော်မှန်းချက်အိပ်မက်တွေ ကြီးမြင့်နေရင် သင့်ရဲ့အောင်မြင်မှုအတွက် လုပ်နိုင်စွမ်းကလည်း ကြီးမြတ်နေပါလိမ့်မယ်။

Photos: Pixabay