မင်္ဂလာပါ ပျိုမေလေးတို့ရေ။ ပျိုမေလေးတို့ရဲ့ အသားအရေ တင်းတင်းရင်းရင်းလေးနဲ့ အရွယ်တင် နုပျိုစေဖို့အတွက် ကော်ဖီက စွမ်းဆောင်ပေးနိုင်တယ်ဆိုတာ ပျိုမေလေးတို့ သိပြီးကြပြီလား။ ကော်ဖီနဲ့ ကြေးချွတ်တာပဲဖြစ်ဖြစ် ပေါင်းတင်တာပဲဖြစ်ဖြစ် ပြုလုပ်ပေးမယ်ဆိုရင် အရေပြားရဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် အသားအရေ ညစ်နွမ်းနေမှာမဟုတ်တော့ဘဲ ဝင်းလက်တောက်ပြောင်လာမှာပဲဖြစ်ပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းစေတာကြောင့် အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေမှာပဲဖြစ်ပါတယ်။

ကော်ဖီနဲ့ အသားအရေအလှအပကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သိချင်ရင်တော့ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

ကော်ဖီနဲ့ သကြား

ကော်ဖီ အကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ အပွင့်ကြီးသော သကြား အကြမ်း စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ရေချိုးနေချိန်မှာ မျက်နှာနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ညင်ညင်သာသာပွတ်တိုက်ပေးရင်း ရေချိုးပေးလိုက်ပါ။ အသုံးပြုပြီးလို့ ပိုလျှံနေတဲ့ အရောအနှောတွေကို လွှင့်မပစ်ဘဲ ဖန်ပုလင်းထဲမှာ သိမ်းထားပေးလိုက်ပါ။ ဒါပေမဲ့ တစ်လအတွင်း ကုန်အောင် အသုံးပြုပေးရပါမယ်။

ကော်ဖီနဲ့ အုန်းဆီ

ကော်ဖီ အကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် အနည်းငယ်၊ အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ သံပုရိုသီး တစ်ခြမ်းတို့ လိုအပ်ပါမယ်။ ပန်းကန်လုံးတစ်လုံးထဲတွင် ကော်ဖီမှုန့်၊ ဒိန်ချဉ်နဲ့ အုန်းဆီတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် သံပုရိုသီး ညှစ်ထည့်လိုက်ပါ။ သမအောင် မွှေပြီးတဲ့နောက်မှာ မျက်နှာနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပွတ်တိုက်ပေးလိုက်ပါ။ ၁ မိနစ်မှ ၁၅ မိနစ်အတွင်း စောင့်ပြီးတဲ့အခါမှာ ရေချိုးပေးလိုက်ပါ။

ကော်ဖီနဲ့ ပျားရည်

ကော်ဖီ အကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေပြီးတဲ့နောက်မှာ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်သို့ သုတ်လိမ်းကာ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်လောက် စောင့်ပြီးရင်တော့ ရေချိုးပေးလိုက်လို့ ရပါပြီ။

ကော်ဖီနဲ့ ရှားစောင်းလက်ပတ်ဂျယ်

ကော်ဖီ အကြမ်းမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်းနဲ့ ရှားစောင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးပြီး နောက်ထပ် ၁၀ မိနစ်ခန့် ထပ်စောင့်ပေးပြီးမှ ရေနဲ့ ဆေးချလိုက်ပါ။

ဒီနည်းလမ်းတွေထဲက ပျိုမေတို့ ကြိုက်နှစ်သက်ရာနည်းလမ်းအသုံးပြုပြီး အနည်းဆုံး တစ်ပတ်တစ်ကြိမ်ခန့် မှန်မှန်ကြေးချွတ်ပေးဖို့ လိုမယ်နော်။

Source: Stylecraze.com