ကျန်းမာရေးရှု့ထောင့်ကနေကြည့်မယ်ဆိုရင် ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့ ကျန်းမာရေးမျိုးကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အသီးအနှံတွေကိုများများစားပေးသင့်ပါတယ်။ တစ်ချို့တွေကတော့ အသီးအနှံတွေစားရတာကို ကြိုက်နှစ်သက်ကြပေမယ့် တစ်ချို့တွေကတော့ အသီးအနှံတွေကိုမကြိုက်ကြပါဘူး။

အစားအသောက်တွေကိုစားသုံးတဲ့အခါမှာ မျှတအောင်စားသုံးပေးနိုင်မှာကျန်းမာရေးအတွက် အထောက်အကူဖြစ်နေမှာပေါ့။ အခုတစ်ခါမှာတော့ ကျန်းမာရေးအတွက် အရေးကြီးနေပြီးအသီးအနှံတွေကိုလုံလောက်အောင်မစားပေးတဲ့အခါမှာ ဖြစ်လာနိုင်တဲ့လက္ခဏာများကိုဖော်ပြပေးလိုက်ပါတယ်နော်။

ဝမ်းချုပ်လွယ်စေပါတယ်

အသီးအနှံတွေကို များများစားပေးတာက ဝမ်းဗိုက်အတွက်လည်းကောင်းစေပြီး အူလမ်းကောင်းစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ အသီးအနှံတွေကဒီလိုမျိုးနေရာတွေမှာကျန်းမာရေးကောင်းစေဖို့ အများကြီးအထောက်အကူပေးနိုင်တာကြောင့် များများစေပေးဖို့လိုပါတယ်နော်။ အသီးအနှံတွေကိုစားတာနည်းတဲ့သူတွေအတွက်ကတော့ မကြာခဏဆိုသလို ဝမ်းချုပ်တဲ့ပြဿနာတွေကို ကြုံတွေ့ရစေနိုင်ပါတယ်နော်။

အသားအရေတွေခြောက်သွေ့ပျက်စီးလာမယ်

အသီးအနှံများများစားပေးတာက အသားအရေကိုကြည်လင်ပြီး စိုပြေမှုတွေဖြစ်လာစေဖို့ အများကြီးကူညီပေးနိုင်ပါတယ်။ အသားအရေနဲ့ပတ်သက်ပြီးလှပချင်လို့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်တဲ့အခါမှာ အသီးအနှံကိုများများစားပေးကြပါတယ်။ အသားအရေခြောက်သွေ့တဲ့ သူတော်တော်များများက အသီးအနှံစားသုံးမှုနည်းတဲ့သူတွေပဲဖြစ်ပါတယ်။

ဝက်ခြံဖြစ်လွယ်တဲ့အသားအရေ

အသားအရေတွေကပျက်စီးပြီး ဝက်ခြံတွေအဖြစ်များနေစေပြီဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ အသီးအနှံကိုလုံလောက်အောင် သေချာမစားသုံးထားပေးသေးတာကြောင့်ပဲဖြစ်ပါတယ်။ အသီးအနှံတွေက သင့်အသားအရေကို အာဟာရဓာတ်တွေများစွာရရှိစေပြီး အသားအရေကိုလည်း လှပစေနိုင်တာကြောင့် များများစားပေးသင့်တယ်နော်။

မကြာခဏဗိုက်ဆာနေမယ်

ဘယ်လောက်ပဲစားစား အချိန်ခဏလေးအတွင်းမှာ ထပ်ပြီးစားချင်စိတ်တွေဖြစ်လာတာမျိုးဆိုရင်လည်း သင့်ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေလိုအပ်နေပါပြီ။ ခဏခဏဗိုက်ဆာတတ်တာကလည်း ကောင်းတဲ့လက္ခဏာမျိုးမဟုတ်တာကြောင့် အသီးအနှံလေးကိုတော့ ပုံမှန်စားပေးဖို့လိုမယ်နော်။

Photo Source: Shutterstock