MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်များ အားလုံးပဲ မင်္ဂလာပါရှင်။ မိန်းမတို့ဘုန်း ဆံထုံး ဆိုသလိုပဲ ဆံကေသာဟာ မိန်းကလေးတို့အတွက် အလွန်အရေးကြီးပါတယ်နော်။

အရေးကြီးသလိုပဲ ထိန်းသိမ်းရတာလည်း အင်မတန်မှ ခက်ခဲလွန်းလှတယ်ဆိုတာကို ပျိုမေတိုင်း နားလည်သဘောပေါက်ပြီးသားဖြစ်မှာပါ။ ဒါပေမယ့် နည်းလမ်းကောင်းတွေကို သိထားမယ်ဆိုရင်တော့ ဒီပြဿနာတွေက ကင်းဝေးနိုင်ပါမယ်။

ဒါဆိုရင်တော့ ဆံနွယ်လေးတွေကို သဘာဝအတိုင်း ရှည်လျားစေဖို့အတွက် ပျိုမေတို့သိထားအပ်တဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

၁။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေစားပါ

အရောင်အသွေးစုံလင်တဲ့ အသီးအနှံတွေနဲ့ စိမ်းစိုလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို မှန်မှန်စားသုံးခြင်းက ဆံကေသာလေးတွေ ရှည်လျားဖို့ အတွက် အထောက်အကူပြုနိုင်တာမဟုတ်ဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အဖက်ဖက်မှ အကျိုးပြုနေပါတယ်။

၂။ ရေများများသောက်ပါ

ဆံကေသာလေးတွေ ရှည်လျားလာစေဖို့အတွက် ရေများများသောက်သုံးပေးဖို့လည်း လိုအပ်ပါတယ်။ အစားစားတာအပြင် ဆံနွယ်ရှည်လျားဖို့အတွက် နောက်ထပ်နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဆံကေသာလေးတွေကို ချစ်မြတ်နိုးသလောက် ရေများများသောက်ပေးပါ။

၃။ စိတ်ဖိစီးမှုတွေ ဖယ်ရှားပါ။

စိတ်ဖိစီးမှုတွေ များလာပြီဆိုရင် ဦးဆုံးကြုံတွေ့ရမှာက ဆံပင်တွေကျွတ်လာခြင်း၊ ကျိုးကျေပျက်စီးခြင်းတို့ပါပဲ။ ဒါကြောင့် ကိုယ်တန်ဖိုးထားရတဲ့ ဆံကေသာလေးတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် စိတ်ဖိစီးမှုတွေကို ဖယ်ထားကာ စိတ်ကိုပေါ့ပေါ့ပါးပါးထားပါ။

၄။ အရက်သေစာ ရှောင်ရှားပါ။

နောက်ထပ်တစ်ချက်ကတော့ ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့ အရက်သေစာတွေကို ရှောင်ရှားပေးပါ။ ထိုအရာတွေကို သောက်သုံးခြင်းဟာ ဆံပင်အရှည်မြန်ဖို့အတွက် အဟန့်အတားဖြစ်စေရုံသာမက ဆံကေသာကို ကျိုးကြေပျက်စီးစေပါတယ်။

၅။ အဆီများတဲ့ အစားအစာများကို မစားပါနဲ့။

Source: kumaunparamedical.com

ကိုယ့်ရဲ့ဆံကေသာလေးတွေကို အရှိအတိုင်း ထိန်းသိမ်းထားနိုင်ဖို့အတွက် ဆီများတဲ့အစားအစာတွေကို ရှောင်ရှားပါ။ အဆီများတဲ့အစားအစာတွေဟာ ကိုလက်စထရော၊ အဆီတွေအလွန်များပြီး ဆံပင်တွေကျွတ်ကာ ဆံပင်ပေါက်တာကိုလည်း ရပ်တန့်ပစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက်ရော ဆံကေသာအတွက်ရော လုံးဝမကောင်းတဲ့ ဆီကြော်စာတွေကို တတ်နိုင်သမျှရှောင်ရှားပါ။

၆။ ဆီလိမ်းပါ။

Source: Hairstyle Topic

ဆံပင်လေးတွေ ရှည်လျားစေဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကတော့ တစ်ပတ်လျှင် အနည်းဆုံး လေးကြိမ်လောက် ဆီလိမ်းပေးပါ။ ဆီလိမ်းပေးခြင်းက လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးတာကြောင့် ဆံကေသာတွေကို ကျန်းမာစေရုံသာမက မြန်မြန်ဆန်ဆန်လည်း ရှည်လာစေနိုင်ပါတယ်။

၇။ ကြက်ဥအနှစ်နဲ့ပေါင်းတင်ပါ

ကြက်ဥအနှစ်ကို သံပုယိုရည်အနည်းငယ်နဲ့ရောစပ်ကာ ဦးရေပြားပေါ်မှာ သေသေချာချာ သုတ်လိမ်းပေးပါ။ ၄၅ မိနစ်၊ မိနစ် ၅၀ လောက်ထားလိုက်ပြီး ခေါင်းလျှော်ရည်နဲ့ ဆေးချလိုက်ပါ။

အခုဖော်ပြပေးသွားတဲ့ နည်းလမ်းလေးတွေကို သေချာလိုက်နာပေးမယ်ဆိုရင်တော့ ဆံပင်တွေကို အရှည်မြန်လာစေနိုင်မှာဖြစ်ပါတယ်။