ခရီးသွားရတာကို မခုံမင်တဲ့သူမရှိပါဘူး ဘယ်လောက်ပင်ပန်းပင်ပန်း မရောက်ဘူးတဲ့နေရာအသစ်တစ်ခုကို သွားချင်စိတ်နဲ့ခရီးထွက်ကြတာချည်းပါပဲ။ တချို့ဆို ခရီးမထွက်ရ မနေနိုင်သူတွေရှိကြသလို တချို့ကတော့ တစ်လတစ်ခါ ခရီးထွက်ဖို့ ၊ တချို့လည်း ခြောက်လတစ်ခါ တချို့လည်း တစ်နှစ်တစ်ခါ ထွက်ဖို့ ဒီလိုတွေ စိတ်ကူးပြီး ခရီးထွက်ဖို့သပ်သပ် ပိုက်ဆံစုထားတတ်ကြပါတယ်။ ဒါဟာ သူတို့ ခရီးထွက်တဲ့အချိန်မှာ ခံစားရတဲ့အကျိုးတွေကို သဘောကျကြလို့ပါ။


ကဲ..ဒါဆို သူတို့ကိုခရီးမထွက်ရမနေနိုင်အောင် လှုံ့ဆော်နိုင်တဲ့ အကျိုးကျေးဇူးတွေက ဘာတွေများဖြစ်မလဲ။

ပင်ပန်းနွမ်းနယ်မှုတွေကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ကုထုံးတစ်မျိုးလည်း ဖြစ်တဲ့အတွက် ခရီးသွားခြင်းကို လူတွေက အရမ်းကို နှစ်ခြိုက်ကြတာပါ။ တခြားကုထုံးတွေနဲ့ လုံးဝကိုကွာခြားပြီး အရမ်းကို ထိရောက်တဲ့ ခရီးသွားခြင်းဟာ စိတဖိစီးမှုတွေကို ပျောက်ကင်းသွားစေနိုင်ပါတယ်။

ခရီးထွက်လိုက်ရုံနဲ့ စိတ်သစ် လူသစ်ဖြစ်သွားပါတယ်။ ကိုယ်နေ့စဉ်တွေ့မြင်နေကျ သူတွေမဟုတ်ဘဲ ကိုယ်တခါမှ မတွေ့ဖူးမရင်းနှီးဖူး ကိုယ့်အကြောင်းလည်း မသိ သူ့အကြောင်းလည်း မသိတဲ့ သူတွေနဲ့ ဆက်ဆံရတာ တခါတလေမှာ အင်မတန်ကို စိတ်လက်ပေါ့ပါးပါတယ်။ ကိုယ့်ရဲ့ အကြောင်း ၊ ကိုယ့်ရဲ့ အခက်အခဲ ၊ ကိုယ့်ရဲ့ အားသာချက် အားနည်းချက် ဘာဆိုဘာမှမသိတဲ့ သူစိမ်းနဲ့ ပြောဆိုဆက်ဆံရတဲ့ ပေါ့ပါးလွတ်လပ်တဲ့ စိတ်ခံစားချက်ကို ရဖို့ ခရီးထွက်ပါ။

လုပ်နေကြအရာတွေကို ခနရပ်ပြီးထားခဲ့လိုက်တော့ လူကအသစ်ဖြစ်သွားသလို ခံစားချက်တွေကို ခရီးထွက်တဲ့အချိန်မှာပဲ ခံစားရတာပါ။ ဒါ့ကြောင့်မို့ အရမ်းစိတ်ရှုပ်ရတဲ့ နေ့စဉ် ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းနေကြရတာဖြစ်တဲ့အတွက် ဒီလို ခရီးထွက်လိုက်ချိန်မှာ ခံစားရတဲ့လူသစ် စိတ်သစ်ဖြစ်မှုကို အရမ်း ခုံမင်ကြတာဖြစ်ပါတယ်။

အထက်ကဖော်ပြထားတဲ့ ပျော်စရာ စိတ်ခံစားမှုတွေအပြင် လွတ်လပ်ပေါ့ပါးတဲ့ စိတ်ခံစားမှု ၊ ရင်ခုန်စိတ်လှုပ်ရှားစရာ စိတ်ခံစားမှု နဲ့ လွမ်းမောဖွယ်ရာ စိတ်ခံစားမှု စတဲ့ စိတ်ခံစားမှုအသစ်တွေနဲ့ ခံစားမှုရသအစုံကို ခရီးသွားရင်း ရရှိခံစားနိုင်ပါတယ်။ ခရီးသွားခြင်းရဲ့ အားသာချက်နောက်တစ်ခုကတော့ ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို ရနိုင်တာပါ။ ဒါ့ကြောင့် တချို့သူတွေဟာ အလုပ်လုပ်ရင်း စိတ်ကုန်လာတာမျိုး ၊ ဦးနှောက်ခြောက်လာတာမျိုး ၊ အိုင်ဒီယာမရှိတော့တာမျိုး ဖြစ်လာပြီဆိုရင် ခရီးထထွက်လေ့ရှိကြပါတယ်။

Source: independenttravelcats.com