အားလုံးပဲ မင်္ဂလာပါ။ ဝက်ခြံဆိုတာကတော့ အလှအပကို ဖျက်ဆီးတာကြောင့် မိန်းကလေးတွေအတွက် အိပ်မက်ဆိုးတစ်ခုပါပဲ။ အထူးသဖြင့် အဆီပြန်တဲ့မျက်နှာပေါ်မှာ ဝက်ခြံပေါက်ရင် စိတ်ဒုက္ခနှစ်မျိုးဖြစ်ရတာပေါ့။ အဲ့ဒါကြောင့် အဆီပြန်ခြင်းကိုလည်း သက်သာအောင်၊ မျက်နှာပေါ်က ဝက်ခြံလည်း ပျောက်ကင်းဖို့အတွက် မီးဖိုချောင်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ လွယ်လွယ်ကူကူ ကုသပေးလို့ရပါတယ်။ အလှပြင်ဆိုင်သွားပြီး အချိန်ကုန်ခံ မျက်နှာပေါင်းတင်စရာမလိုတဲ့အပြင် ဈေးကြီးတဲ့ အလှကုန် ပစ္စည်းတွေလည်း မဝယ်ရဘူးဆိုတော့ ပိုက်ဆံဖြုန်းရတာမကြိုက်တဲ့ ပျိုမေလေးတွေ အတွက်တော့ ကွက်တိပဲပေါ့။

Photo Source: Stylecraze.com

လိုအပ်တဲ့ ပစ္စည်းတွေကတော့ သံပုယိုရည် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ပဲဖြစ်ပါတယ်။ သံပုယိုရည်ထဲမှာပါတဲ့ Citric အက်စစ်က အရေပြားထဲမှ အဆီထွက်ပေါ်ခြင်းကို ထိန်းချုပ်ပေးတဲ့အပြင် အမာရွတ်ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားများကိုလည်း သုတ်သင် ဖယ်ရှား ပေးပါတယ်။ ပျားရည်ရဲ့ ဂုဏ်သတ္တိကတော့ အသားအရေအတွက် အစိုဓာတ်ကို ထိန်းညှိပေးတဲ့အပြင် အသားအရေလေး ဝင်းလက်တောက်ပ လာအောင် ကူညီပေးပါတယ်။ ပါဝင်ပစ္စည်းများကို သေချာရောမွှေပေးလိုက်ပါ။

ဒုတိယအဆင့်အနေနဲ့ မျက်နှာနဲ့ လည်ပင်းတို့ကို သေချာပြောင်စင်အောင် ဆေးကြောသန့်စင်ပေးပြီး ရောမွှေထားတဲ့ ပျားရည်နဲ့ သံပုယိုရည်ကို မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို သုတ်လမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ ရေအေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရပါမယ်။

Photo Source: Stylecraze.com

အဲ့ဒီလိုမျက်နှာပေါင်းတင်ပြီးတာနဲ့ ဝက်ခြံအကြီးကြီးဖုနေခြင်းက သေးသွားပြီး မျက်နှာလေးဝင်းပလာတာကို သိသိသာသာမြင်တွေ့ရမှာပါ။ ဒါ့အပြင် ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်နဲ့ အမဲစက်တွေကိုလည်း ပျောက်ကွယ်သွားအောင် ဖယ်ရှားပေးပါတယ်။ ဒီပေါင်းတင်နည်းကို တစ်ပတ် နှစ်ကြိမ်ခန့် မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် အဆီပြန်ခြင်းကင်းဝေးပြီး ဝက်ခြံတွေလည်း ပျောက်ကွယ်သွားပါလိမ့်မယ်။