ညည့်နက်မှအိပ်တဲ့ ဇီးကွက်လေးတွေရှိလားရှင့်။ ညည့်နက်မှအိပ်ယာဝင်လို့ မနက်စောစော အိပ်ယာထဖို့ခက်တဲ့သူတွေကို အများအားဖြင့်တော့ ပျင်းရိတတ်တဲ့သူတွေလို့ ထင်ကြပါတယ်။

လေ့လာတွေ့ရှိချက်အရတော့ ညည့်နက်မှ အိပ်ယာဝင်တတ်တဲ့သူတွေဟာ ဉာဏ်ရည်ပိုမြှင့်ပြီး တီထွင်မှုစွမ်းရည် မြှင့်တဲ့သူတွေဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အထူးသဖြင့်တော့ လူငယ်တွေကိုလေ့လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Madrid တက္ကသိုလ်က သုတေသီတွေဟာ လူငယ် ၁၀၀၀ ကို သုတေသနပြုလုပ်ပြီး ထုတ်ပြန်ခဲ့ပါ။ ညည့်နက်တဲ့ထိနေတတ်ပြီး အလုပ်ကြိုးစားတဲ့ ဇီးကွက်လေးတွေဟာ ကျောင်းစာတွေမှာ အမှတ်ပိုများပြီး မနက်စောစော ထတတ်တဲ့သူတွေထက်လည်း ဉာဏ်ရည်ပိုကောင်းတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် မနက်ပိုင်းစောစောထပြီး လုပ်တတ်တဲ့သူတွေဟာလည်း တော်ပြီး စာကိုလည်း များများပိုကျက်နိုင်ပါတယ်။

နောက်ထပ်လေ့လာတွေ့ရှိမှုတစ်ခုကိုတော့ အရွယ်ရောက်ပြီးသားလူတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီလေ့လာတွေ့ရှိမှုမှာလည်း အရင်လေ့လာတွေ့ ရှိချက်တွေလိုပဲ ညည့်နက်မှ အိပ်ယာဝင်တတ်တဲ့သူတွေက တီထွင်ကြံဆမှု နဲ့ ဉာဏ်ရည် ပိုမိုကောင်းမွန်ပြီး မနက်စာစော အိပ်ယာထတတ်တဲ့သူတွေဟာ ပိုပြီးဖြစ်ဖြစ်မြောက်မြောက်ရှိတယ်လို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ်ကတော့ ဘယ်ဂျီယမ်နိုင်ငံမှာရှိတဲ့ Liege တက္ကသိုလ်က ညည့်နက်တဲ့ထိနေတတ်တဲ့ လူ ၁၅ ဦးနဲ့ မနက်စောစော အိပ်ယာထတတ်တဲ့သူ ၁၆ ဦးကိုလေ့လာခဲ့ပါတယ်။ ၁၀ နာရီနောက်ပိုင်းမှာ အိပ်ယာနိုးတတ်တဲ့သူတွေဟာ ဉာဏ်ရည်ပိုကောင်းတာကိုတွေ့ရှိခဲ့ပါတယ်။ မနက်စောစော အိပ်ယာထတတ်တဲ့သူတွေကတော့ ညည့်နက်တဲ့ထိ လုပ်တတ်တဲ့သူတွေနဲ့ယှဉ်ရင်တော့ ဦးနှောက်လန်းဆန်းတက်ကြွမှု ပိုနည်းနေတာကိုတွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် စာဖတ်သူတို့ရဲ့ အိပ်ချိန်တွေ အလုပ်အချိန်ဇယားတွေကို ပြောင်းလဲပစ်ဖို့မလိုပါဘူး။ တစ်ချို့ မနက်စောစော အိပ်ယာထတတ်တဲ့သူတွေလည်း ဦးနှောက်လန်းဆန်းတက်ကြွပြီး တီထွင်ကြံဆမှုဉာဏ်လည်းကောင်းကြပါတယ်။ အဓိကအားဖြင့်တော့ ကိုယ့်ပေါ်မှာပဲမူတည်ပါတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ယှဉ်တွဲနေတာပါ။ ညည့်နက်တဲ့ထိ အလုပ်လုပ်တာ စာကျက်တာဟာ အိပ်ချိန်နည်းစေပြီး မနက်ပိုင်းမှာ ကျောင်းနောက်ကျတာ အလုပ်နောက်ကျတာမျိုး ဖြစ်စေပါတယ်။ တစ်နေကုန် လန်းဆန်းတက်ကြွမှုမရှိတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။