ပြည်သူချစ်တဲ့ ဟာသ သရုပ်ဆောင်ကြီး ဦးကင်းကောင်ကတော့ ပုပ္ပါးမှာ ရုပ်ရှင်ရိုက်ရင်း ကွယ်လွန်သွားခဲ့ပါပြီ။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်တဲ့အပြင် အနုပညာလောကမှာလည်း လူချစ်လူခင်များလှတဲ့ သူ ဖြစ်တာမို့ အခုလို ရုတ်တရက်ကွယ်လွန်သွားတဲ့အပေါ် အနုပညာမောင်နှမတွေရော ပရိသတ်တွေကပါ ဝမ်းနည်းကြေကွဲနေကြရတာပဲ ဖြစ်ပါတယ်။

ကွယ်လွန်သွားတဲ့ ဦးကင်းကောင်အတွက် အနုပညာရှင်မောင်နှမတွေကလည်း ရင်တွင်းခံစားချက်တွေနဲ့ အမှတ်တရတွေကို ဖွင့်ထုတ်ဖော်ပြခဲ့ကြပါတယ်။ အဲ့ဒီထဲကမှ တချို့ရဲ့ ပြောစကားနဲ့ ရင်ဖွင့်သံတွေကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

သရုပ်ဆောင် ကင်းကောင်ကွယ်လွန်မှုသတင်းကိုတော့ သရုပ်ဆောင်လူမင်းရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ စပြီး ပျံ့နှံ့လာခဲ့တာဖြစ်ပြီး လူမင်းကတော့ “ကိုကင်းရေ….ကောင်းရာသုဂတိလားပါစေ” ဆိုပြီး ဆုတောင်းပေးထားခဲ့တာပါ။

ပြည်သူ ချစ်တဲ့ အနုပညာရှင်ဖြစ်တဲ့ သက်မွန်မြင့်ကတော့ “ဒီမနက်နိုးတော့ ဒီသတင်း အရင်မြင်လိုက်ရတယ်။ ရင်ထဲ ဟာကနဲ!!! ကိုယ်အရမ်းချစ်ရတဲ့ ဦးကင်း။ မော်ဒယ်ဘဝအစပိုင်းမှာ ကြော်ငြာတူတူရိုက်ကြရင်း သူလည်း ကိုယ့်ကိုချစ်၊ ကိုယ်လည်းချစ် ဘယ်အချိန်တွေ့တွေ့ မပြောင်းလဲတဲ့ အချစ်တွေနဲ့ ချစ်ပေးတဲ့ ဦးကင်း။ တကယ် ဝမ်းနည်းရပါတယ် ဦးကင်းရယ်။ ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ စိတ်ထားကောင်းတဲ့သူ ကံကောင်းတယ်တဲ့။ အရမ်းချစ်စရာကောင်းတဲ့ဦးကင်း ဒီဘဝထက်သာတဲ့ ဘဝမှာ အေးချမ်းပါစေနော်။ (၂၀၁၅ ဒီဇင်ဘာက ရှုတင်မှာ တူတူဆုံခဲ့ကြတာ နောက်ဆုံးပဲနော်။ ဟိုတလောက ဦးဖိုးဖြူနဲ့တွေ့တော့ မေးလိုက်သေးတယ်။ နေကောင်းတယ်တဲ့)” လို့ သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။

ဒါ့ပြင် ဦးကင်းနဲ့ လိုက်ဖက်အညီဆုံး သရုပ်ဆောင်တွေဖြစ်တဲ့ ဖိုးဖြူနဲ့ ငှက်ပျော်ကြော်တို့ကလည်း ကင်းကောင်ရဲ့ နာရေး သတင်းကို အတည်ပြုပြောကြားပေးခဲ့ကြပြီးတော့ ဖိုးဖြူကတော့ “အချစ်ဆုံးရဲဘော်ရဲဘက်ကြီး သွားနှင့်တော့ကွာ ကောင်းရာဘုံဘဝမှာပြန်ဆုံကြတာပေါ့” ဆိုပြီး စိတ်မကောင်းစရာ မျှဝေထားခဲ့တာပါ။

ဦးကင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ အကြောင်းကိုလည်း ဦးဇာဂနာက အခုလိုပဲ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားထားခဲ့ပါသေးတယ်။ “တက္ကသိုလ် ကျောင်းသားဘဝ အငြိမ့်ကတော့ လူပြက်နာမည်က အရှည်ကြီး။ နာမည်အရင်းက မျိုးမြင့်။ ကျွန်တော်နဲ့တွေ့တော့ ကင်းကောင် လို့ နာမည်ပြောင်းပေးလိုက်တယ်။ လူကောင်က ထွားတာကိုး။ မြပုဏ္ဏမာ ဆိုတာ ၁၉၈၅ ကနေ ဒီနေ့ထက်ထိပဲ။ မြပုဏ္ဏမာကို ပထမ ဆုံး လက်ပြ နှုတ်ဆက်သွားတာ သူ ဖြစ်သွားပြီ။ သူ အိပ်ယာပေါ် လဲ တော့ ကျွန်တော် အနားမှာ အမြဲ ရှိတယ်။ခွဲ ဖို့ စိတ်ဖို့ လက်မှတ်ထိုးတာက အစ သွေးရှာတာ အဆုံး။သက်သာလာတော့ အနုပညာပိုး ကသတ်မသေ။ လောလောဆယ် ပြနေတဲ့ သာမိုမီတာ ဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်သေးတယ်။ ဒီကနေ အခု ပုပ္ပါး ကဇာတ်လမ်းတွဲ ပါ လို့ဆိုပြီး မိသားတစ်စုလုံး သွားကြတာ။ ကြာသပတေးသား ကြာသပတေးနာမ် မြို့မှာ ကံကုန်ရှာတယ်။အရှည်ကြီးရေ..မင်းချက်ကျွေးနေကျ ချဉ်စော်ကားဟင်း မစားရတော့ဘူးပေါ့။ ပြည်လမ်းမ ညမိုးချုပ်မှာ ကြိုးကုပ် ကျက်မှတ်ခဲ့တဲ့ ခွန်းတောက်လေပြေတွေ ကျန်နေဦးမှာပါ။တစ်နေ့တော့ တို့ ညီအကိုတွေ ပြန်ဆုံကြဦးမယ်” လို့ ရေးသားထားခဲ့တာပါ။

ဒါ့ပြင်အခြားသော အနုပညာရှင်များစွာကလည်း ကင်းကောင်အတွက် ဝမ်းနည်းကြေကွဲစကားတွေကို ကိုယ်စီ ရေးသားခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခုလို ရုတ်တရက် သူကွယ်လွန်သွားတဲ့အပေါ် အနုပညာအသိုင်းအဝိုင်းကသာမက ပရိသတ်တွေပါ မယုံကြည်ဘဲ သူ့အတွက် ကြေကွဲ ဝမ်းနည်းနေကြတာပါ။ ပြည်သူချစ်တဲ့ ဟာသ သရုပ်ဆောင် ကင်းကောင်တစ်ယောက် ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။