Pride Of Myanmar Awards 2018 ဆိုတဲ့ ဆုချီးမြှင့်ပွဲလေးကို ကြားဖူးနားဝရှိကြမှာပေါ့နော်။ ဒီဆုလေးက သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေရရှိနေကြတဲ့ နိုင်ငံ့ဂုဏ်ဆောင် အကျော်အမော်တွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပထမဦးဆုံးပေးအပ်တဲ့ဆုပဲဖြစ်ပါတယ်။ တိမ်မြုပ်နေတဲ့ စိန်ရိုင်းတုံးလေးတွေကို ကမ္ဘာ့အလယ်မှာ တလက်လက်တောက်ပနေအောင် ပြုလုပ်ပေးတဲ့အစီအစဉ်လေးဆိုလည်း မမှားပါဘူး။

စာပေနှင့် အနုပညာ၊ စီးပွားရေး၊ လူထုအကျိုးပြု၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ အားကစားနှင့် ဆိုရှယ်မီဒီယာလွှမ်းမိုးနိုင်သူ စသည်ဖြင့် နယ်ပယ် (၇) ခုခွဲခြားထားပြီး ထိုနယ်ပယ်အသီးသီးမှ အောင်မြင်ကျော်ကြားသူများ၊ ပါရမီရှိသူများကို အသိအမှတ်ပြုပြီး ဆုအပ်နှင်းခဲ့ကြပါတယ်။ စာဖတ်သူတို့ကိုယ်တိုင်လည်း မိမိကြိုက်နှစ်သက်တဲ့လူပုဂ္ဂိုလ်ကို နယ်ပယ်တစ်ခုစီမှာ မဲတစ်ခုစီပေးခြင်းအားဖြင့် မိမိအစွမ်းအစလေးနဲ့ ဒီမြန်မာ့ဂုဏ်ဆောင်ဘွဲ့ထူးအစီအစဉ်မှာ တတ်အားသရွေ့ပါဝင်ခဲ့ကြမယ်လို့လည်း ယုံကြည်မိပါတယ်။

စာပေနှင့် အနုပညာဆုအတွက် မဲပေးနိုင်ခဲ့တဲ့သူတွေကတော့ ငြိမ်းချမ်းဆု၊ မိုးစက်၊ ထိန်လင်းတို့ဖြစ်ကြပါတယ်။ စီးပွားရေး ဆန်းသစ်တီထွင်မှုပိုင်းမှာတော့ ထက်မြတ်ဦး၊ ချိုလဲ့အောင်၊ ယဉ်မျိုးစု၊ ဦးရဲထွဋ်ဝင်း၊ လူထုအကျိုးပြုနှင့် လူမှုဆက်ဆံရေးနယ်ပယ်မှာတော့ Joshua ချစ်ထွန်းနဲ့ Pascal ခူးသွေး၊ ဖျော်ဖြေရေးကဏ္ဍမှာတော့ Adrian ဇော်၊ အိန္ဒြာကျော်ဇင်၊ ဝီရအောင်နဲ့ အမွန်း၊ ဖက်ရှင်ကဏ္ဍမှာတော့ သန်းနိုင်ဦး၊ Ahlatt Lumyang ၊ မေမြတ်နိုးနဲ့ မမေမြတ်ဝါဆို၊ အားကစားကဏ္ဍမှာတော့ ကလာဟဲ၊ ကျော်ကိုကို၊ အောင်သူနဲ့ စန်းယုထွေး၊ ဆိုရှယ်မီဒီယာလွှမ်းမိုးနိုင်သူတွေအနေနဲ့ ခင်မြတ်မြတ်နိုင်၊ နေခြည်ဦး၊ ဖြိုး Day By Day နဲ့ ထူးကိုကို တို့ပဲဖြစ်ကြပါတယ်။

အကဲဖြတ်အဖွဲ့ဝင် လူကြီးမင်းများကတော့ ဦးမြင့်မိုးအောင်၊ ချစ်ဦးညို၊ မစန္ဒာ၊ စုလှဟန်၊ ဇော်မင်းဝင်း၊ ဦးနေအုတ်၊ ဦးတင်မောင်မောင်အေး၊ ဦးအောင်ကိုလတ်၊ မျိုးမင်းစိုး၊ ဒီဇိုင်နာ မပုံ့ (My Favorite) နဲ့ ဇော်သက်ထွေးတို့ပဲဖြစ်ပါတယ်။ ဒီဆုပေးပွဲကြီးကိုတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ ညနေ (၆) နာရီအချိန်တွင် Pegu Club တွင် စည်ကားခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့ မြန်မာပြည်ဖွား စိန်ရုံးတုံးလေးတွေလည်း ပေါ်ပေါက်လာခဲ့ပါပြီ။ ဘယ်သူတွေ အနိုင်ရရှိသွားတာလည်းဆိုတာကို စာဖတ်သူတို့ရော မသိချင်ကြဘူးလား။

အကဲဖြတ်အဖွဲ့ဝင် လူကြီးမင်းတို့ရဲ့ အဆုံးအဖြတ်နဲ့ စာဖတ်သူတို့ရဲ့ ရွေးချယ်တင်မြောက်မှုတို့ ပေါင်းစပ်ပြီးနောက် ဆုရရှိခဲ့တဲ့သူတွေကတော့ ဖျော်ဖြေရေးကဏ္ဍတွင် အိန္ဒြာကျော်ဇင်၊ အားကစားကဏ္ဍတွင် အောင်သူ၊ ဖက်ရှင်ကဏ္ဍတွင် မေမြတ်နိုး၊ တစ်နှစ်တာ လူမှုကွန်ရက်၌ လွှမ်းမိုးမှုအများဆုံးကဏ္ဍတွင် နေခြည်ဦး၊ တစ်သက်တာထူးချွန်ဆုရရှိသူ ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ခေတ်သစ်မြန်မာ့အနုပညာရှင်၊ အမြင်အာရုံနှင့် သရုပ်ဖော်အနုပညာရှင်၊ ကမ္ဘာအဆင့် ပြပွဲများစွာကို ဦးဆောင်သူ  မိုးစက်၊ စီးပွားရေးဆန်းသစ်တီထွင်မှုကဏ္ဍတွင် ထက်မြတ်ဦး၊ လူထုအကျိုးပြုနှင့် လူမှုဆက်ဆံရေးကဏ္ဍတွင် Joshu ချစ်ထွန်းတို့ပဲဖြစ်ကြပါတယ်။

သက်ဆိုင်ရာနယ်ပယ်အသီးသီး၌ အနိုင်ရရှိသွားသောမြန်မာပြည်သားများကို အားကျအတုယူစိတ်ဖြင့် ကျွန်တော်၊ ကျွန်မတို့အားလုံးလည်း ဇွဲ၊ လုံ့လ၊ ဝီရိယအရင်းခံကာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ အဖိုးတန်လူသားများအဖြစ် အသက်ရှင်နေထိုင်ရင်း မြန်မာကို ကမ္ဘာကသိအောင် မဆုတ်မနစ်ကြိုးစားလိုက်ကြစို့လား။

Source: Pride Of Myanmar Awards Facebook Page