တစ်ချို့ ပျိုမေလေးတွေ ဖြစ်လေ့ဖြစ်ထရှိတာကတော့ နှုတ်ခမ်းနီ အနီရဲရဲဆိုးချင်ပေမယ့် မဆိုးရဲကြပါဘူး။ ဆိုးပြီးတော့မှ ရဲတောက်နေလို့ မဝံ့မရဲဖြစ်ပြီး ပြန်ဖျက်လိုက်ကြတာပေါ့။ တကယ်တော့ နှုတ်ခမ်းနီရဲရဲက ပျိုမေတိုင်းနဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီလေးပဲဖြစ်ပါတယ်။ အဓိက အရေးကြီးတာကတော့ လှလှပပ သေသေသပ်သပ်လေး လိမ်းခြယ်တတ်ဖို့ပါပဲ။ ဒါ့ကြောင့် လှပသေသပ်ပြီး စွဲမက်စရာကောင်းတဲ့ နှုတ်ခမ်းသားတစ်စုံပိုင်ဆိုင်နိုင်ဖို့ နှုတ်ခမ်းနီရဲရဲ ဘယ်လိုဆိုးရမလဲဆိုတာကို ဝေမျှပေးလိုက်တယ်နော်။

နှုတ်ခမ်းနီဆိုးဖို့အတွက် နှုတ်ခမ်းနီအဆီ (Lip Balm)၊ နှုတ်ခမ်းနီ အနီရောင်တစ်ချောင်း၊ နှုတ်ခမ်းသားကွပ်ပေးမယ့် နှုတ်ခမ်းနီဆွဲတဲ့ခဲတံ၊ ဘရက်ရှ်တစ်ချောင်း၊ ကွန်စီလာ၊ မျက်နှာလိမ်းမယ့် ပေါင်ဒါနဲ့ တစ်သျှူးတို့ကတော့ မရှိမဖြစ်လိုအပ်ပါတယ်။

ပစ္စည်းကိရိယာတွေ အစုံအလင်ရှိပြီဆိုရင်တော့ နှုတ်ခမ်းနီ စဆိုးပါတော့မယ်။

အဆင့် ၁

မိတ်ကပ် မလိမ်းခင်ကတည်းက Lip Balm အရင်ဆိုးပေးလိုက်ပါ။ ဒါမှ နှုတ်ခမ်းသားက ကောင်းကောင်းကြီးစုပ်ယူနိုင်ပြီး နှုတ်ခမ်းခြောက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း မဖြစ်တော့မှာပါ။

အဆင့် ၂

Lip Balm လိမ်းပြီးသွားပြီ မိတ်ကပ်တွေ အကုန်ပြင်ဆင်ခြယ်သပြီးမှ နှုတ်ခမ်းနီဆိုးရပါမယ်။ အရင်ဆုံး တစ်သျှူးလေးနဲ့ ခပ်ဖွဖွလေးဖိပေးလိုက်ပါ။

အဆင့် ၃

ပြီးတဲ့အခါ နှုတ်ခမ်းနီလေးကို အောက်နှုတ်ခမ်း အလယ်ကနေ ဘေးဘက်ကို ဆိုးပေးလိုက်ပါ။ အပေါ်နှုတ်ခမ်းဆိုးတဲ့အခါမှာလည်း အလယ်ကနေ ဘေးဘက်ကို ဆိုးပေးရမှာပါ။

အဆင့် ၎

နောက်တစ်ဆင့်ကတော့ နှုတ်ခမ်းနီ ခဲတံအသုံးပြုရမယ့် အလှည့်ရောက်လာပါပြီ။ နှုတ်ခမ်းသားလေးကို ဘောင်ကွပ်ဖို့အတွက် နှုတ်ခမ်းနီခဲတံ ဆိုးထားတဲ့ နှုတ်ခမ်းနီအရောင်နဲ့ နီးစပ်တဲ့ အရောင်ကိုသာ အသုံးပြုပါ။

အဆင့် ၅

တစ်သျှူးတစ်ရွက်ယူပြီး နှုတ်ခမ်းနှစ်ဖက်ကြားထဲညှပ်ကာ ခပ်ဖွဖွလေး ဖိပေးလိုက်ပါ။ ပြီးရင် နှုတ်ခမ်းနီ နောက်တစ်ထပ် ထပ်ဆိုးပေးလိုက်ပါ။

အဆင့် ၆

ကွန်စီလာအနည်းငယ်ယူပြီး ဘရက်ရှ်အသေးလေးနဲ့ နှုတ်ခမ်းဘေးသားတွေကို ပွတ်လိမ်းပေးလိုက်ပါ။ ဒါက နှုတ်ခမ်းနီလေး ဘေးနားမှာ မပေကျံဘဲ ညီညာနေစေဖို့ ကူညီပေးပါတယ်။ နောက်တစ်ဆင့်ကျတော့မှ ဘရက်ရှ်အကြီးလေးနဲ့ မိတ်ကပ်ပေါင်ဒါလေး အနည်းငယ်ယူပြီး ပြန်ဖုံးပေးလိုက်ပါ။

ဒီအဆင့် ၆ ဆင့်လုံးပြီးသွားရင်တော့ အရေးကြီးဆုံးတစ်ချက် ကျန်ပါသေးတယ်။ ဒါကတော့ နှုတ်ခမ်းနီတွေ သွားပေါ်မှာ ပေ မပေစစ်ဖို့ပါပဲ။ နှုတ်ခမ်းနီ လှလှပပဆိုးထားပြီး ပြုံးရယ်လိုက်တဲ့အချိန်မှ သွားမှာ နှုတ်ခမ်းနီတွေ ပေကျံနေမယ်ဆိုရင် ရှိုးပဲ့သွားမှာပေါ့နော်။

သွားပေါ်မှာ နှုတ်ခမ်းနီ ပေ မပေစစ်ပြီးသွားရင်တော့ စွဲမက်စရာကောင်းတဲ့ နှုတ်ခမ်းနီရဲရဲလေးနဲ့ လှနေတဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်သွားပြီပေါ့။

Source: www.stylecraze.com