မိသားစုတွေကို သင့်ဘက်ကအော်ပြီးပြောလိုက်နိုင်လို့ သင်အနိုင်ရသွားပြီလို့ မထင်ပါနဲ့။ တကယ်က သင်တို့ချင်းစိတ်တွေ ဝေးသွားကြတာပါ။ ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ဆန္ဒတွေကို ထုတ်ဖော်တတ်တဲ့သူမျိုးကိုဆို ဘယ်သူမဆိုနှစ်သက်ကြပါတယ်။

သို့ပေမဲ့ အချိန်အခါနဲ့ အရိပ်သုံးပါးနားမလည်ဘဲ မိမိအနိုင်ရဖို့ကိုသာ စိတ်ထဲစွဲနေပြီး အော်ဟစ်ပြောဆိုတတ်တဲ့ အမျိုးသမီးတွေကိုတော့ အမျိုးသားတွေက ဘယ်လောက်ချစ်ချစ် အနှေးနဲ့အမြန် စိတ်ကုန်လေပါပဲ။

၁။ နောင်တရတတ်ပါစေ

Source: Platte River Medical Clinic

မိမိခင်ပွန်းနဲ့ မိမိကလေးတွေအပေါ်မှာ မရည်ရွယ်ဘဲနဲ့ ကြမ်းကြမ်းတမ်းတမ်းပြောဆိုခဲ့မိတာတွေရှိရင် ပြန်ချော့ပေးပါ။ လူတိုင်းအမှားနဲ့ မကင်းဆိုသလိုဘဲ အမေဖြစ်တဲ့အတွက် ငါလုပ်တာမှအမှန်၊ ဘာမှငါ့ထက်ကျော်ပြီး တွေးခေါ်နေစရာမလိုဘူးဆိုတဲ့အတွေးမျိုးတွေ မထားပါနဲ့။ ကိုယ့်ဆီမှာအမှားတွေရှိမယ်။ ဒီအမှားတွေကို ပြန်လည်ပြင်ဆင်ပြီး မိခင်ကောင်းတစ်ယောက်၊ ဇနီးကောင်းတစ်ယောက်ဖြစ်အောင် ဆက်ကြိုးစားသွားမယ်ဆိုတာမျိုးကို ကိုယ့်မိသားစုဝင်တွေသိကြပါစေ။

၂။ အချစ်တွေကို ပြသပေးပါ

Source: Sun Life Financial Indonesia

အခုခေတ်အိမ်ထောင်ရှင်မတွေခမျာ အပြင်အလုပ်လည်းလုပ်ရ၊ အိမ်မှုကိစ္စတွေလည်းလုပ်ရ၊ ဇနီးဝတ္တရား၊ မိဘဝတ္တရားတွေလည်း ကျေအောင်လုပ်ရနဲ့ ကိုယ်ချစ်တဲ့သူတွေကို ဘယ်လောက်ချစ်ကြောင်းပြသဖို့ကိုတောင် မေ့နေကြပါတော့တယ်။ သာယာပျော်ရွှင်နဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ရာ အဲဒီမိသားစုဝင်တွေက အချစ်တွေနဲ့ပြည့်နှက်နေမှရပါမယ်။ ဒါကြောင့် မမေ့ပါနဲ့။ ချစ်သာချစ်ပြပါ။

၃။ အဆက်အသွယ်ရှိပါစေ

Source: Parenting Special Needs Magazine

သဘောက ကိုယ့်မိသားစုဝင်တွေ ဘာစိတ်ခံစားတွေရတယ်၊ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သင်သိထားဖို့လိုပါတယ်။ သူတို့ဘာဖြစ်ချင်နေတယ်။ သင်ဘယ်လိုကူညီနိုင်မယ်။ သင်ဘယ်လို အဖောက်အပံ့ပေးနိုင်မယ်ဆိုတာတွေကို မေးပါ။ ဆွေးနွေးပါ။ အကူအညီပေးပါ။ ဒီလိုမှ သင်ဟာ ဇနီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်၊ ချွေးမကောင်းတစ်ယောက် ဖြစ်နိုင်ပါလိမ့်မယ်။

၎။ လွတ်လပ်ခွင့်ပေးပါ

Source: lapinterest.eu

လွတ်လပ်ခွင့်ဆိုတဲ့စကားကို လူအနည်းစုပဲ နားလည်နိုင်ပါလိမ့်မယ်။ လူတိုင်းကိုယ်ပိုင်အချိန်လေးတော့ လိုချင်ကြပါတယ်။ အဓိကက ယောကျာ်းလေးတွေအတွက် ပိုလိုအပ်ကြပါတယ်။ သူ့စိတ်ဝင်စားမှုတွေ၊ သူ့ဝါသနာတွေလုပ်နိုင်ဖို့အတွက် ကိုယ်ပိုင်အချိန်လေးပေးဖို့တော့လိုပါတယ်။ ငါ့သမီးကိုချစ်လို့၊ ငါ့သားကိုချစ်လို့ မေမေ့နားပဲ အမြဲကပ်နေ။ တခြားဘာမှမလုပ်နဲ့။ ဘာမှစိတ်ဝင်စားစရာမရှိရဘူး။ ဒီလိုမျိုးလည်း သွားချုပ်ခြယ်လို့မရပါဘူး။ တည်ဆောက်ထားတဲ့ Relationship မှာ အဆိုးမြင်ဝါဒတွေပဲ များလာပြီး အက်ရာတွေထပ်လာမယ်ဆို ပြိုကွဲသွားဖို့ပဲ များပါတော့တယ်။

၅။ ပျော်ရွှင်မှုရှိပါစေ

Source: HCCRIS

ယောက္ခမက နှိမ်မှာစိုးလို့၊ အချစ်တွေပြလိုက်ရင် ယောကျာ်းက အနိုင်ယူမှာစိုးလို့၊ ရင်းရင်းနှီးနှီးနေလိုက်ရင် ကလေးတွေလေးစားမှုမရှိတော့မှာစိုးလို့စတဲ့ “စိုးလို့”ပေါင်းများစွာနဲ့ သင့်အကြောက်တရားတွေကို ရောထွေးပြီး သာယာနိုင်တဲ့မိသားစုဘဝလေးကို အရောင်မရောလိုက်ပါနဲ့။ ကလေးတွေအတွက် အရင်းနှီးဆုံးက မိဘတွေပါ။ အဲဒီမိဘတွေနဲ့မှ ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့မရ၊ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့မရနဲ့ ကိုယ့်ပုံစံ၊ စိတ်ရင်းအမှန်ကို ပြသလို့မရကြတဲ့အခါမျိုးမှာ သူစိမ်းအားကိုးလာတတ်ကြပါတယ်။ အဲဒီအခါကျမှ နောင်တမရကြပါစေနဲ့လို့ စာရေးသူက ဆုတောင်းပေးလိုက်ပါတယ်။

Featured image source: ashley kristen photography