ဒီဇိုင်းသိပ်မကြိုက်လို့ ဝယ်ပြီးတော့မှ မဝတ်ဖြစ်တော့ဘဲ ဘီဒိုထဲမှာ သိမ်းထားတဲ့အင်္ကျီလေးတွေ ပျိုမေလေးတို့ဆီမှာ ဘယ်နှထည်လောက်ရှိမလဲ မသိဘူးနော်။ အဲ့ဒီအင်္ကျီလေးတွေကို ဂျောင်မထိုးထားဘဲ လှလှပပနဲ့ ဒီဇိုင်းလန်းလန်းလေးပြင်ဝတ်လို့ရမယ်ဆိုရင်ရော ပျိုမေလေးတို့ စိတ်ဝင်စားကြရဲ့လား။

ငွေကုန်ကြေးကျလည်း သက်သာတဲ့အပြင် ဒီဇိုင်းအသစ်အဆန်းတီထွင်ချုပ်လုပ်ရတာ ဝါသနာပါတဲ့ပျိုမေလေးတွေအတွက် အသုံးတည့်မယ့်နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ် မဝတ်ချင်တော့တဲ့အင်္ကျီလေးတွေကို ဒီဇိုင်းအသစ်ဘယ်လိုပြောင်းဝတ်လို့ရမလဲဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်နော်။

ရှပ်အင်္ကျီကို ဇာထည့်ချုပ်နည်း

အရင်ဆုံး ရှပ်အင်္ကျီကို ပြောင်းပြန်လှန်ထားပြီး အလယ်တည့်တည့်ကို ကတ်ကြေးနဲ့ညှပ်ချလိုက်ပါ။ ညှပ်ထားတဲ့အစလေးတွေကို လက်ချုပ် (သို့) စက်ချုပ်နဲ့ အနားသတ်လိုက်ပါ။ ပြီးတဲ့အခါ ဇာကို တြိဂံပုံစံ ညှပ်လိုက်ပြီး ရှပ်အင်္ကျီပေါ်ကို ကော်နဲ့ကပ်ပြီး မီးပူတိုက်ပေးလိုက်ပါ။ ပြီးမှ စက်ချုပ် (သို့) လက်ချုပ်နဲ့ အနားသတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဇာရှပ်အင်္ကျီလှလှလေးတစ်ထည်ရသွားပါပြီ။

ရှပ်အင်္ကျီကို ပုခုံးပွင့်အင်္ကျီပြုလုပ်နည်း

အရင်ဆုံး ပုံမှာ လိုင်းလေးနဲ့ပြထားတဲ့အတိုင်း အင်္ကျီကို ညှပ်လိုက်ပါ။ ပြီးတဲ့အခါ စက်ချုပ် (သို့) လက်ချုပ်နဲ့ အင်္ကျီစကို အနားလုံးလိုက်ပါ။ ဒါဆိုရင်တော့ အခုခေတ်မှာ ခေတ်စားပြီး ပျိုမေလေးတွေအဝတ်များတဲ့ ပုခုံးပွင့်အင်္ကျီလေးတစ်ထည် ရရှိသွားပြီဖြစ်ပါတယ်။

ရှပ်အင်္ကျီကို ချစ်စရာကောင်းတဲ့ခါးတိုအင်္ကျီပြောင်းဝတ်နည်း

အရင်ဆုံး ကိုယ်လိုချင်တဲ့ခါးအတိုရတဲ့အထိ ညှပ်ပေးလိုက်ပါ။ ပြီးတဲ့အခါ သားရေကြိုးထည့်ဖို့အတွက် အင်္ကျီစကို တစ်လက်မခွဲခေါက်လိုက်ပြီး စက်ချုပ် (သို့) လက်ချုပ်နဲ့ အနားလုံးလိုက်ပါ။ ပြီးရင် သားရေကြိုးထည့်ပေးလိုက်ပါ။ ကော်လံကို စောစောကညှပ်ထုပ်လိုက်တဲ့ ပိတ်စအနည်းငယ်နဲ့ ပိတ်စဆက်ပြီးချုပ်လိုက်ပါ။ အင်္ကျီလက်ကလည်း ရှည်နေရင် သိပ်ကြည့်မကောင်းတဲ့အတွက် နည်းနည်းညှပ်ထုပ်ပြီး အနားလုံးပေးလိုက်တဲ့အခါမှာတော့ အင်မတန်ကို ချစ်စရာကောင်းတဲ့ ခါးတိုအင်္ကျီတစ်ထည်ရရှိသွားပြီဖြစ်ပါတယ်။

တီရှပ်ကို ခါးချည်လို့ရတဲ့ အင်္ကျီပြောင်းနည်း

ပုံမှာ ပြထားတဲ့အတိုင်းပဲ အင်္ကျီလည်ပင်းနဲ့ လက်နှစ်ဖက်ကို အရင်ညှပ်ထုပ်လိုက်ပါ။ အင်္ကျီအောက်ဘက်ရဲ့ အရှေ့ ခြမ်းကိုတော့ တြိဂံပုံစံညှပ်ပြီး အလယ်ခွဲညှပ်လိုက်ပါ။ အင်္ကျီအနောက်ခြမ်းကိုတော့ အတိလေးပဲညှပ်လိုက်ပါ။ နောက်ဆုံးမှာတော့ ခါးချည်လို့ရတဲ့ လက်ပြတ်အင်္ကျီတစ်ထည်ဖြစ်သွားပြီပေါ့။

Photo Source: Pinterest.com