အားလုံးပဲ မင်္ဂလာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်း အလှဆုံး ဝတ်ဆင်နိုင်တဲ့အရာကတော့ အပြုံးလေးပဲ ဖြစ်ပါတယ်။

လှပတဲ့ အပြုံးတစ်စုံ ပိုင်ဆိုင်နိုင်ဖို့ဆိုတာက ဖြူဖွေးတဲ့ သွားလေးတွေ ရှိဖို့အပြင် နူးညံ့ပြီး ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းတစ်စုံလည်း ပိုင်ဆိုင်ထားသင့်ပါတယ်။

ခြောက်သွေ့ကွဲအက်တဲ့ နှုတ်ခမ်းသားလေးကိုတော့ ဘယ်သူမှ မပိုင်ဆိုင်ချင်ကြပါဘူး။ ဒါပေမဲ့ နှုတ်ခမ်းလေး ခြောက်သွေ့အက်ကွဲလာလို့ အလှပျက်လာတယ်ဆိုရင် သဘာဝအတိုင်း ထိန်းသိမ်းပြုပြင်ပေးလို့ရမယ့် နည်းလမ်းလေးတွေရှိပါတယ်။

နည်းလမ်း (၁)

Lip Balm ကောင်းကောင်းလေးတစ်ခုရယ်၊ နူးညံ့တဲ့သွားတိုက်တံ (သို့) ရေစိုအဝတ်တို့ လိုအပ်ပါတယ်။ ညအိပ်ယာမဝင်ခင်မှာ Lip Balm ကို နှုတ်ခမ်းအပြည့် ထူထူလေးလိမ်းပြီးမှ အိပ်ပါ။ မနက်နိုးလာတဲ့အခါ နှုတ်ခမ်းက Lip Balm ရဲ့ အဆီတွေကို ကောင်းကောင်းစုပ်ယူပြီးတဲ့ နောက်မှာတော့ သွားတိုက်တံအစိုလေးနဲ့ ညင်သာစွာ ပွတ်တိုက်ပြီး ကြေးချွတ်လိုက်ရပါမယ်။ သွားတိုက်တံ မသုံးချင်လည်း ရေစိုအဝတ်လေးနဲ့ အသာအယာပွတ်တိုက်ပေးလို့ရပါတယ်။ ဒီနည်းလမ်းလေးကို မနက်မိုးလင်းတိုင်း ပြုလုပ်ပေးမယ်ဆိုရင် နူးညံ့ချောမွေ့တဲ့ နှုတ်ခမ်းတစ်စုံပိုင်ဆိုင်နိုင်ပါပြီ။

နည်းလမ်း (၂)

ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ထည့်စရာ ပန်းကန်လုံးလေးတစ်လုံး လိုပါလိမ့်မယ်။ ပျားရည်နဲ့ သံပုယိုရည်ကို ပန်းကန်လုံးထဲမှာ သမအောင် ရောမွှေလိုက်ပြီး နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပြီး နှုတ်ခမ်းပေါ်ကို Lip Balm လေး ထပ်ဆိုးပေးလိုက်ရပါမယ်။ ပျားရည်က နှုတ်ခမ်းသားကို အစိုဓာတ်ထိန်းပေးထားပြီး၊ သံပုယိုရည်ကတော့ ညိုမဲနေတဲ့ နှုတ်ခမ်းလေးကို ပန်းရောင်သမ်းလာအောင် ပြုလုပ်ပေးပါတယ်။

နည်းလမ်း (၃)

ရှားစောင်းလက်ပတ် ဂျယ်နဲ့ အုန်းဆီ (သို့) သံလွင်ဆီတို့ လိုအပ်ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်တွေကို ဇွန်းလေးနဲ့ ခပ်ထုတ်လိုက်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်ပါ။ အဲ့ဒီနောက် သံလွင်ဆီ (သို့) အုန်းဆီ နှစ်စက်၊ သုံးစက်ခန့်ကို ရှားစောင်းလက်ပတ်ဂျယ်နဲ့ ရောလိုက်ပါ။ ပြီးရင် နှုတ်ခမ်းနီအဆီ ဆိုးသလိုပဲ  နှုတ်ခမ်းသားပေါ်ကို လိမ်းကျံပေးလိုက်ပါ။ ပိုလျှံနေတဲ့ ရှားစောင်းလက်ပတ်ဂျယ်တွေကို ရေခဲသေတ္တာထဲထည့်ထားပြီး လိုသလို ပြန်ထုတ်လိမ်းပေးလို့ရပါတယ်။ တစ်နေ့တည်းမှာပဲ အကြိမ်ရေများများ ဆိုးပေးလို့ရပါတယ်။

ရှားစောင်းလက်ပတ်ရဲ့ အာနိသင်ကတော့ ခြောက်သွေ့ကွဲအက်ပြီး ပျက်စီးနေတဲ့ နှုတ်ခမ်းသားလေးကို ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်အောင် ကူညီပေးပါတယ်။ သံလွင်ဆီ (သို့) အုန်းဆီထဲမှာပါတဲ့ ဗီတာမင်အီး ကတော့ နှုတ်ခမ်းကို အစိုဓာတ်ပြန်လည် ထိန်းညှိပေးပါတယ်။

Source: Stylecraze.com