မိန်းကလေးတွေအများစုကြုံတွေ့ရတဲ့ ပြဿနာပေါ့။ ဝမ်းနည်းပက်လက်နဲ့ အော်ငိုပြီး မျက်လုံးတွေဖူးရောင်နေလို့ ငိုထားတာလားဆိုပြီး မေးခံရတာတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းကောင်းတွေ ရှိနေပါပြီနော်။ ညဘက်တွေမှာရည်းစားနဲ့စိတ်ကောက်လို့ပဲဖြစ်ဖြစ်၊ အိမ်ကဆူလို့ငိုထားရတာပဲဖြစ်ဖြစ် မနက်ပိုင်းမှာမျက်လုံးတွေ အစ်ဖောင်းနေတာမျိုးမရှိအောင် ပြင်ဆင်ရမယ့်နည်းလမ်းတွေကို လိုက်လုပ်ဖို့လိုပါတယ်နော်။

ရေအေးဝတ်လေးတင်ပေးလိုက်ပါ

ငိုထားတဲ့အရှိန်ကြောင့်ဖြစ်လာတဲ့ ရောင်ရမ်းမှုတွေ နီမြန်းမှုတွေကို ပြေလျော့စေဖို့အတွက်ဆိုရင် ငိုပြီးသွားတဲ့အချိန်တွေမှာ ရေအေးဝတ်လေးကို မျက်လုံးပေါ်မှာတင်ပေးထားဖို့လိုပါတယ်။ ဒါမှလည်း ရောင်ရမ်းတာတွေကို လျော့သွားစေမှာပေါ့။

သခွားသီးကလည်းအသုံးဝင်ပါတယ်

ရေဓာတ်အပြည့်အဝပါဝင်နေတဲ့ သခွားသီးကလည်း ဒီလိုမျိုး မျက်လုံးရောင်ရမ်းမှုတွေကို ဖြေရှင်းပေးဖို့အထောက်အကူ အများကြီးရပါတယ်နော်။ သခွားသီးကို ထူထူလေးလှီးပေးပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်လောက်ထည့်ထားလိုက်ပါ။ ပြီးရင်တော့ မျက်လုံးပေါ်မှာ သခွားသီးကိုအကွင်းလိုက်တင်ထားပေးပြီး နားနေလိုက်ပါ။

ဆားငန်ရည်

ဆားငန်ရည်ကလည်း မျက်လုံးရောင်ရမ်းတာတွေကို လျော့နည်းသွာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ရေနွေးနွေးလေးထဲမှာ ဆားတွေထည့်ပြီး ဂွမ်းစလေးနဲ့တို့ပေးလိုက်ပါ။ ပြီးရင်တော့ အိပ်နေရင်းနဲ့ ဆားငန်ရည်စိမ်ထားတဲ့ ဂွမ်းစကိုမျက်လုံးပေါ်မှာတင်ပေးပြီး အနားယူနေလိုက်ဖို့ပဲလိုပါတယ်။

ရေများများသောက်ပေးပါ

ငိုလိုက်တဲ့အချိန်မှာ မျက်လုံးကလည်းပင်ပန်းသွားတာကြောင့် ရေဓာတ်ပြည့်ပြီး ပြန်လန်းစေဖို့အတွက် သောက်မယ့်ရေထဲကို သံပုရာရည်ညစ်ပြီးတော့ သောက်ပေးဖို့လိုပါတယ်။ ကော်ဖီသောက်တာမျိုးကို ရှောင်မှအဆင်ပြေမယ်နော်။ ကော်ဖီကြောင့် အိပ်မပျော်တော့တဲ့အခါမှာ မျက်လုံးကိုပိုပင်ပန်းစေပြီး ရောင်ရမ်းတာတွေမကျပဲဖြစ်နေစေမှာပါ။

Photo Source: Pinterest