အားလုံးပဲမင်္ဂလာပါနော်။ ခရီးသွားရာသီလည်းကုန်တော့မှာဆိုတော့ ရာသီမကုန်ခင်လေး ခရီးသွားဖို့ တာဆူနေကြတဲ့သူတွေအတွက် စာရေးသူ သွားခဲ့တဲ့ ဗီယက်နမ်ခရီးစဉ်အကြောင်းကို မျှဝေပေးချင်ပါတယ်။

ခရီးစဉ်အကြောင်း မပြောခင်မှာ ဘာတွေ သတိထားရမလဲဆိုတာကို အရင်ပြောပြချင်ပါတယ်။

ငွေ

လေဆိပ်ရောက်တာနဲ့ USD ကနေ VND ကို လဲထားလိုက်ပါ။ ကိုယ်သွားမယ့်နေ့က စနေ တနင်္ဂနွေခံနေရင်တော့ ငွေလဲလို့ အဆင်ပြေမှာမဟုတ်ပါဘူး။

ဟိုတယ်တွေမှာ လဲလို့ရပေမယ့် ဈေးကွာပါတယ်။ ဒါ့ကြောင့် လေဆိပ်က ငွေလဲကောင်တာမှာ လဲလိုက်ပါ။

USD 100 ကို VND 22, 80000 လောက်ရှိပါတယ်။ မြန်မာငွေတွက်ချင်ရင်တော့ ၁၇ နဲ့ စားလိုက်ပါ။

ဈေးဝယ်မယ်ဆိုရင်

ဗီယက်နမ်မှာ ဈေးဝယ်မယ်ဆိုရင် ဈေးသေချာစစ်တတ်မှရပါမယ်။ အထူးသဖြင့် ခရီးသွား ဧည့်သည်တွေ အလာများတဲ့နေရာတွေမှာ တော်တော်ဂျင်းထည့်ပါတယ်။

ဒီတစ်ဆိုင်မေးပြီးလို့ကြိုက်ရင် နောက်တစ်ဆိုင်မှာ ဈေးမေးကြည့်ပါ။ ဈေးကတော်တော်ကွာနေတတ်ပါတယ်။ အခုမေးတဲ့ဈေးနဲ့ ခဏနေ သွားပြန်မေးတဲ့ဈေးတောင်မတူပါဘူး။

ဗီယက်နမ် ဟိုချီမင်း ညဈေးမှာ ဝယ်မယ်ဆိုရင် ဈေးကို ၇၀% စစ်ချလိုက်ပါ။ မယုံမရှိပါနဲ့။ အစပိုင်းတော့ အားနာပေမယ့် နောက်ပိုင်းမှာ အသားကျသွားပါလိမ့်မယ်။ မရရင် မဝယ်ရုံပဲပေါ့နော်။ တချို့ Fixed Price ဆိုင်တွေလည်းရှိပါတယ်။

တကယ်လို့ Da Lat မြို့ရောက်ခဲ့ရင်တော့ ၅၀% ဈေးစစ်ပြီးဝယ်ပါ။ မဟုတ်ရင်လည်း တစ်ဆိုင်မေးပြီး နောက်တစ်ဆိုင်မှာထပ်မေးပြီးမှ ဝယ်ပါ။ တချို့ဆိုင်တွေက ဈေးမလျှော့ပေးပါဘူး။

ခရီးစဉ်

ရန်ကုန်မှ ဟိုချီမင်း

ရန်ကုန်မြို့တော်ကနေ ဟိုချီမင်းမြို့ကို လေယာဉ်နဲ့ ၂ နာရီလောက် စီးရပါတယ်။ ဟိုချီမင်းမြို့ကိုရောက်တော့ စာရေးသူတို့အဖွဲ့ချိတ်ထားတဲ့ တိုးလ်က လေယာဉ်ကွင်းမှာလာကြိုပါတယ်။ အဲဒီကနေတစ်ဆင့် ဟိုချီမင်းမြို့ရဲ့ သမိုင်းဝင် ငြိမ်းချမ်းရေး ခန်းမ၊ ပြင်သစ်လက်ရာ ဘုရားကျောင်း၊ ရှေးပြင်သစ်လက်ရာ စာတိုက်အဆောက်အဦးတွေကို လိုက်ပို့ပေးပါတယ်။

Caption : Ho Chi Minh City Post Office

ညနေဖက်မှာတော့ ဟိုချီမင်းမြို့က လက်မှုပစ္စည်းတွေရောင်းတဲ့နေရာမှာဈေးဝယ်ဖို့လိုက်ပြပါတယ်။ အဲဒီဆိုင်တွေမှာထက် စာရေးသူကတော့ အပြင်မှာ ညဈေးတွေမှာ ဝယ်စေချင်ပါတယ်။ ခရီးသွားတွေလာတဲ့နေရာဆိုတော့ ဈေးနည်းနည်းတင်ထားပါတယ်။ ကပ်ဈေးမို့ စစ်လို့မရပါဘူး။

Caption: On Floating Ship at Saigon Port

ဈေးဝယ်ပြီးတော့ ဟိုချီမင်းမြို့ရှိ Saigon ဆိပ်ကမ်း အပျော်စီးသင်္ဘောပေါ်မှာ ညစာစားရင်း သင်္ဘောတစ်ပတ်ပတ်စီးခဲ့ပါတယ်။ သင်္ဘောက ည ၈ နာရီလောက်က ထွက်ပြီး ၉ နာရီလောက် ဆိပ်ကမ်းပြန်ကပ်ပါတယ်။

Caption: Ho Chi Minh Night View

အဲဒီကနေမှ ဟိုတယ်ပြန် Check-in ဝင်ပြီး ဟိုချီမင်း ညဈေးကိုထွက်ခဲ့ပါတယ်။ တည်းတဲ့ဟိုတယ်နဲ့ ညဈေးက နီးနီးလေးပါပဲ။

ဟိုချီမင်းမှ မူနဲ  (Mui Ne)

Caption: Red Sand Cliffs

ဟိုချီမင်းကနေ မူနဲမြို့ကို ၄ နာရီလောက် ကားစီးရပါတယ်။ မနက်စောစော ဟိုချီမင်းမှ ထွက်ခဲ့ပြီး မူနဲကို ခရီးဆက်ခဲ့ပါတယ်။ မူနဲမြို့က လှပတဲ့ တံငါမြို့လေးပါ။ ကမ်းခြေတွေ၊ တောင်တန်းတွေ၊ သဲကန္တရလို နေရာလေးတွေနဲ့ လှပလှပါတယ်။ မူနဲမြို့မှာတော့ သဲနီချောင်း၊ White Sand Dune လို့ခေါ်တဲ့ သဲဖြူ ကန္တရကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

Caption : White Sand Dunes

အဲဒီကန္တရကို လည်ပတ်ဖို့အတွက် ဂျစ်ကားလေးထပ်စီးရပါတယ်။ ဂျစ်ကားကတော့ (၆) ယောကစီးလို့ရပြီး တစ်ယောက် ဗီယက်နမ်ငွေ ၁၀၀၀၀၀ ပေးရပါတယ်။ မြန်မာငွေနဲ့ဆို (၅၀၀၀) ကျော်လောက်ပဲကျပါတယ်။ သဲဖြူအပြင် သဲနီကန္တရလည်းရှိပါတယ်။

Caption: Mui Ne Beach

ဒါပေမယ့် စာရေးသူတို့က ဟိုတယ်မှာ အေးအေးဆေးဆေး ရေကူးရင် ကမ်းခြေအငွေ့အသက်ကို ခံစားချင်သေးတာကြောင့် အဲဒီကို ဆက်မသွားဘဲ ဟိုတယ်ပဲပြန်လာခဲ့ပါတယ်။ မူနဲ ကမ်းခြေက လှပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ငွေဆောင်တို့၊ ငပလီတို့က ပိုလှတယ်လို့ထင်မိပါတယ်။ သူတို့နိုင်ငံမှာလို အမိုက်လေးတွေကင်းစင်ပြီး ဟိုတယ်တွေ ဈေးပိုသက်သာရင် ခရီးသွားဧည့်သည်တွေကို ပိုပြီးဆွဲဆောင်နိုင်မယ်လို့ မြင်မိပါတယ်။

မူနဲမှ (Da Lat) ဒါလက်မြို့

Caption: Dalat Park

မူနဲကနေ ဒါလက်မြို့လေးကို ထွက်လာခဲ့ပါတယ်။ ဒါလက်မြို့က သိပ်ကိုလှတဲ့မြို့လေးပါ။ စာရေးသူတို့ တစ်ဖွဲ့လုံး သိပ်ကို သဘောကျခဲ့ပါတယ်။

Caption: DaLat City

ပြင်ဦးလွင်မြို့လေးလိုပဲ အေးချမ်းပြီး ပန်းလေးတွေ နဲ့ လှတဲ့မြို့။ ကလောမြို့လိုပဲ ထင်းရှုတောတွေနဲ့ အရမ်းကိုလှတဲ့မြို့လေးပါ။ ဒါလက်မြို့မှာ Cable ကားစီးရင်း မြို့အလှကိုခံစားလို့ရပါတယ်။ ပန်းခြံ၊ ဘုံကျောင်း၊ ဘုရင့်နန်းတော်၊ ရေတံခွန် စတဲ့ လှပတဲ့နေရာလေးတွေလည်းရှိပါတယ်။

Caption: DaLat City

ညဈေးကိုလည်း လည်ပတ်လို့ရပါတယ်။ မူနဲမှ ဒါလက်ကိုလာတဲ့လမ်းတစ်လျှောက် ကော်ဖီစိုက်ခင်းတွေ၊ လက်ဖက်စိုက်ခင်းတွေနဲ့ အရမ်းကိုလှပါတယ်။

Caption: Da Lat Night Market

ဒါ့ကြောင့် ဒါလက်မှာ ကော်ဖီဆိုင်လေးတွေအများကြီးတွေ့ရသလို ကော်ဖီစစ်သောက်လို့ရပါတယ်။

ကော်ဖီအမျိုးအစား အများကြီးရှိပါတယ်။

ဒါလက်မှ ဟိုချီမင်း မှ ရန်ကုန်


Caption: Datanla Waterfall

ဒါလက်မြို့ကနေ ဟိုချီမင်း ကို ၆ နာရီလောက် ကားစီးရပါတယ်။ မနက်မထွက်လာရင် ဒါလက်မြို့ရှိ ရေတံခွန်ကို သွားလည်ခဲ့ပြီး ဟိုချီမင်းကို ခရီးဆက်ခဲ့ပါတယ်။ ဟိုချီမင်းရှိ Saigon Square ဈေးဝယ်ဖို့ လိုက်ပို့ပေးပါတယ်။ အဲဒီည ဟိုချီမင်းမှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ ရန်ကုန်ပြန်ခဲ့ပါတယ်။

ဗီယက်နမ်မှလက်ဆောင်

ဗီယက်နမ်မှာ ဒေသဖြစ် လက်ရာလေးတွေ အစားအစာတွေ အများကြီးတွေ့ရပါတယ်။ လက်မှုလည်း ထွန်းကားသလို စိုက်ပျိုးရေးလည်း အများကြီးလုပ်ကိုင်ကြတာမို့ လတ်လတ်ဆတ်ဆတ် အစားအသောက်တွေ အများကြီးရရှိနိုင်ပါတယ်။

ဒေသထွက် အစားအစာတွေကို အဆင့်မြင့်မြင့်နဲ့ ရောင်းချပေးနေတာမို့ ဒေသခံတွေရဲ့ စီးပွားရေးလည်း အဆင်ပြေတယ်လို့ တွေးမိပါတယ်။

ကြောင်ချီးကော်ဖီနဲ့ ဗီယက်နမ်မှာလုပ်တဲ့ မုန့်လေးတွေ၊ ဈေးအရမ်းမကြီးတဲ့ ဒေသဖြစ် အဝတ်အစားလေတွေလည်း စိတ်ကြိုက်ဝယ်ယူလို့ရပါတယ်။

ဘယ်လောက်ကုန်ကျခဲ့သလဲ

Caption: Group Photo in Front of Notre-Dame Cathedral Basilica

ခရီးစဉ်အစအဆုံးကို ရာသီပေါ်မူတည်ပြီး ဒေါ်လာ ၄၀၀ ကျော်နဲ့ ၅၀၀ ခန့် ကျသင့်ပါမယ်။ ဟိုတယ်က 3 Stars, 4 Stars ဟိုတယ်တွေမှာ တည်းခဲ့ရပါတယ်။  ၅ ညအိပ် ၅ ရက်ခရီးပါ။

အစားအသောက်လည်း စပါယ်ရှယ်စားရပါတယ်။ အပြင်မှာစားတဲ့ အကင်တွေလည်းအရသာရှိပါတယ်။ ဒါပေမယ့် ဗိုက်သိပ်မကောင်းတတ်တဲ့သူဆိုရင်တော့ မစားပါနဲ့နော်။

စာရေးသူတို့ သွားခဲ့တဲ့ တိုးလ်ကတော့ iASIA Travel & Tour Co.,Ltd ဖြစ်ပြီး ဗီယက်နမ်ဖက်က ချိတ်ထားတဲ့တိုးလ်ကတော့ Viet Travel and Tour ဖြစ်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ – iASIA Travel & Tour ၀၁- ၅၄၃၄၉၆ ၊ ၀၉-၂၅၀၅၀၉၆၈၈

Photo: Zinnono Zaw (Innovative Photography)