ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်တယ်၊ မရောက်ဘူးဆိုတာက ကိုယ်တစ်နေ့တာ ဖြတ်သန်းတဲ့ပုံပေါ်မှာမူတည်ပြီးပဲ ကွဲပြားသွားပါတယ်။ အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးတွေက တစ်နေ့တာကို ဒီလိုလေးဖြတ်သန်းကြပါတယ်တဲ့ ပျိုမေတို့ရေ … ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ မနက်ခင်းအတွက် အဆင့်သင့်ပဲ

နိုးလာပါပြီတဲ့။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဟိုဟာပဲ အရေးကြီးသလိုလို၊ ဒီဟာပဲစလုပ်ရမလိုလိုနဲ့ အိပ်ယာထဲမှာတွေးရင်း အချိန်ပုတ်နေတတ်ကြပါတယ်။ အဲဒီလိုမျိုးမဖြစ်ရအောင် ညထဲကနောက်နေ့မနက်ဘာလုပ်မယ်ဆိုတာ ကြိုစဉ်းစားထားပါ။ စာအုပ်လေးထဲချရေးထားနိုင်ရင်ပိုကောင်းပါတယ်။ ပိုပြီးလည်း မြင်သာပါတယ်။

၂။ ဘုရင်မလိုအနားယူပါ

ဆိုလိုချင်တာက အိပ်ရေးဝအောင် အိပ်စက်ပါ။ ကိုယ့်အပေါ်ဆိုးခဲ့တာတွေ၊ နာကျင်မှုတွေပေးခဲ့တဲ့သူတွေစသဖြင့် မကောင်းတဲ့အရာမှန်သမျှကို အိပ်ယာထဲထိ သယ်မလာပါနဲ့။ အကုန်လုံးကို ခွင့်လွှတ်လိုက်ပါ။ တစ်နေ့အိပ်ချိန် (၈) နာရီပြည့်အောင် အိပ်ပါ။ ဒါမှအသားအရေကြည်လင်လှပနေပြီး အလုပ်ကိုသေချာအာရုံစိုက်နိုင်မှာပါ။

၃။ ကတိတရားတွေကို အသိအမှတ်ပြုပါ

ဒီနေ့ငါဘာလေးတော့ ပြီးအောင်လုပ်လိုက်မယ်ဆိုပြီး တွေးထားတာ၊ ကိုယ့်ကိုယ်ကိုယ် ကတိပြုထားတာလေးတွေတော့ ကျွန်မတို့အားလုံးမှာရှိကြပါတယ်။ ပြီးမြောက်သွားတဲ့အခါတိုင်းမှာ မှန်ရှေ့ထိုင်၊ ကိုယ့်ရုပ်ကိုကြည့်ပြီး ငါလေးတော်လိုက်တာဆိုပြီး ထိုင်ချီးကျူးပေးလိုက်ပါ။ စိတ်ပါရင် ကိုယ့်ဘာသာမုန့်တွေဘာတွေ ဝယ်ကျွေးလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းက မိမိရဲ့စိတ်စွမ်းအင်ကို တိုးတက်စေပါတယ်။

၎။ ပန်းတိုင်သေးသေးလေးတွေ ထားရှိပါ

နောက် (၃) နှစ်ကြာရင် ငါဘာကြီးဖြစ်နေရမယ်ဆိုပြီး ရည်မှန်းချက်ထားထားတာက မှန်ပါတယ်။ အဲဒီပန်းတိုင်ကိုရောက်ဖို့ ကြားထဲမှာဘာလုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်သေးသေးလေးတွေလည်းရှိဖို့လိုပါတယ်။ အဲဒါတွေပျောက်နေမယ်ဆို သင်ဖြစ်ချင်တဲ့နေရာကိုရောက်ဖို့မလွယ်ပါဘူး။ ငွေကြေး၊ ရုပ်ပိုင်းဆိုင်ရာ၊ အလုပ်အကိုင်၊ မိသားစု၊ ပတ်ဝန်းကျင်၊ ပညာရေး စသဖြင့်ပန်းတိုင်တွေတစ်ခုပြီး တစ်ခုထားရင်ဘဝကို စိန်ခေါ်ကြည့်ပါ။ ဒါမှသာ မပျင်းမရိနဲ့ကိုယ့်စွမ်းဆောင်ရည်တွေက တစ်နေ့တခြားတိုးတက်လာနိုင်မှာပါ။

၅။ လူမှုပတ်ဝန်းကျင်နဲ့လည်း ကင်းကွာမသွားပါစေနဲ့

အောင်မြင်ချင်လို့ အလုပ်တွေကြီး ဖိလုပ်နေတာကလည်း မှန်ကန်တဲ့နည်းလမ်း မဟုတ်သေးပါဘူး။ သူငယ်ချင်းတွေနဲ့တွေ့ပေးပါ။ စကားပြောပေးပါ။ ပျော်ပွဲရွှင်ပွဲတွေကိုလည်းသွားပါ။ စမတ်ကျကျစကားမပြောတတ်လည်း အိုခေပါတယ်။ အဓိပ္ပာယ်ရှိတဲ့စကားတွေ၊ ရင်ဘတ်ထဲကလာတဲ့စကားတွေကို ဆွေးနွေးကြည့်လို့ရပါတယ်။

၆။ ငွေကြေးစီမံတတ်ပါစေ

ဘယ်လောက်အရှာကောင်းကောင်း ရလာတဲ့ငွေကြေးကို အိုးနဲ့ဆန်တန်အောင် မသုံးတတ်ဘူးဆို အလကားပါပဲ။ ရှာထားသမျှတွေသဲထဲရေသွန် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်တစ်လ၊ တစ်လကိုယ့်ဝင်ငွေပေါ်မူတည်ပြီး ဘယ်လောက်ကစုမယ်။ ဘယ်လောက်က လှူမယ်။ ဘယ်လောက်ကသုံးမယ်။ ဘယ်လောက်ကပြန်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်မယ်စသဖြင့် သေချာလေးစီမံခန့်ခွဲထားပါ။

၇။ အလှူအတန်းလုပ်ပါ

အလှူအတန်းဆိုလို့ ကြီးကြီးကျယ်ကျယ်ကြီး လုပ်ရမယ်လို့မဆိုလိုပါတယ်။ လမ်းဘေးမှာတောင်းရမ်းနေတဲ့သူတွေကိုပဲဖြစ်ဖြစ်၊ ခွေးလေးတွေကိုပဲဖြစ်ဖြစ် အစာလေးတွေကျွေးလို့ရပါတယ်။ နောက်ပြီး သူငယ်ချင်းတွေကိုလည်း မုန့်လိုက်ကျွေးလို့ရပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းက ကိုယ့်အပေါ်ကျေးဇူးရှိခဲ့ဖူးသူတွေကိုလည်း အသိအမှတ်ပြုပြီးသားရောက်လို့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပြီးသားလည်း ဖြစ်ပါတယ်။ ပေးကမ်းစွန့်ကြဲတတ်ပါစေ။