ကမ္ဘာမှာပြင်သစ်က ဖက်ရှင်ဗိမာန်ရယ်ဆိုပြီး နာမည်ကြီးလှပါတယ်။ အဲဒီလိုပဲ ပြင်သစ်မှာနေထိုင်တဲ့ ပြင်သစ်သူလေးတွေရဲ့ဖက်ရှင်ကလည်း ကမ္ဘာတစ်ဝှမ်းလုံးက မိန်းကလေးတိုင်း အတုယူအားကျစရာကောင်းလောက်အောင် ပြီးပြည့်စုံကြပါတယ်။ ဒီလိုအနေအထားထိရောက်ဖို့အတွက် သူတို့မှာလည်းသူတို့လက်ကိုင်ထားတဲ့ စည်းမျဉ်းလေးတွေရှိပါတယ်။

၁။ ဖက်ရှင်ရေစီးကြောင်းကို မေ့ထားကြတယ်

ဟုတ်ပါတယ်။ အမြဲတစေဖက်ရှင်ကျချင်တဲ့သူတစ်ယောက်က ဖက်ရှင်ရေစီးကြောင်းနဲ့လုံးဝကင်းကွာနေလို့ မဖြစ်ပါဘူး။ သို့ပေမဲ့ ပဲရစ်သူလေးတွေကတော့ ဖက်ရှင်ရေစီးကြောင်းကို ဂရုမစိုက်ကြပါဘူး။ သူတို့ဦးနှောက်ထဲမှာရှိတာက အမြဲ Classic ဆန်နေဖို့ပါပဲ။ ဒီဇိုင်းထက် လက်ရှိခေတ်စားနေတဲ့အရောင်နဲ့ အကွက်တွေကိုသာဦးစားပေးလေ့လာကြပြီး ပဲရစ်နည်းပဲရစ်ဟန်နဲ့ တစ်ဖန်ပြန်ရှိုးထုတ်ကြပါတယ်။

၂။ အရောင်ရွေးချယ်တဲ့နေရာမှာ

ပဲရစ်သူလေးတွေက အရောင်အရမ်းရှပ်တဲ့အဝတ်အစားတွေကို လမ်းသွားလမ်းလာမဝတ်ကြပါဘူး။ အဓိကအားဖြင့် အဖြူ၊ အမဲ၊ အညိုနဲ့ ဝါညိုနုရောင်လေးတွေကိုသာ အဓိကထားဝတ်ကြပါတယ်။ တစ်ကိုယ်လုံးကို အဖျော့ရောင်တွေနဲ့ဆင်ပြီးပြီးဆိုရင်တော့ လက်ကိုင်အိတ်ကို ဝတ်ထားတဲ့အဝတ်အစားအရောင်နဲ့ လိုက်ဖက်ပြီး ပိုတောက်တဲ့ကာလာတစ်မျိုးကိုင်လိုက်ကြပါတယ်။ အရောင်တောက်တာမျိုးတွေဝတ်ရင်လည်း တစ်ရောင်၊ နှစ်ရောင်ထက်ပိုရောပြီး မဝတ်ကြပါဘူး။

၃။ Classic ဖြစ်ဖို့ကိုသာ ဦးစားပေးတယ်

ဘယ်ပဲရစ်သူလေးတွေကိုပဲကြည့်ကြည့် အမြဲ Classic ဆန်ဆန်နဲ့လှပနေကြပါတယ်။ ဒါဟာအမြဲတစေအဲဒီအဝတ်အစားတွေအတွက် ရင်းနှီးမြှုပ်နှံထားလို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ဖက်ရှင်ကဘာမှန်းမသိတွေ့ကရာလျှောက်ဝယ်ပြီးရောထွေးနေမယ့်အစား ဖက်ရှင်တစ်မျိုးတည်းကိုသာအဓိကထားပြီး အဲဒီဖက်ရှင်ပိုကောင်းလာအောင်သာ ကြိုးစားအားထုတ်ကြပါတယ်။

၎။ အနီရောင်နှုတ်ခမ်းနီ

အဝါရောင်၊ အညိုရောင်၊ ခရမ်းရောင်စသဖြင့် သူတို့လည်းအရောင်စုံဆိုးကြပါတယ်။ သို့ပေမဲ့ တကယ့်တကယ်ပွဲအခမ်းအနားတွေတက်ပြီး အရေးကြီးတဲ့ဒိတ်တစ်ခုခုကိုသွားပြီဆိုရင်တော့ အနီရောင်တောက်တောက်ကိုသာ ဆိုးတတ်ကြပါတယ်။

၅။ ပွင့်ရိုက်ထည်တွေကို အပေါ်အောက်တွဲမဝတ်ဘူး

ဆိုလိုချင်တာကတော့ အောက်ကစကပ်ကိုပွင့်ရိုက်ထည်ဝတ်မယ်ဆို အပေါ်ကိုလုံးဝအရှင်းဝတ်တတ်ကြပါတယ်။ ဒါကတော်တော်လေးလည်းကြည့်လို့လှပြီး မိန်းမဆန်ဆန်နဲ့ ကျက်သရေအလွန်ရှိပါတယ်။

၆။ နည်းလေကောင်းလေ

ပဲရစ်သူလေးတွေက နားကပ်ဝတ်ပြီဆို ဆွဲကြိုးမဝတ်တတ်ကြတော့ပါဘူး။ နားကပ်ကလည်းကြီးကြီး ဆွဲကြိုးကလည်းကြီးကြီးဆို အမြင်ရိုင်းသွားတတ်တာမို့ ရှောင်လိုက်ခြင်းပဲဖြစ်ပါတယ်။

၇။ အနံ့

ပဲရစ်ရေမွှေးတွေအကြောင်းကိုတော့ အထူးတလည်ပြောစရာမလိုလောက်တော့ဘူး ထင်ပါတယ်။ လူတစ်ယောက်ရဲ့ကိုယ်သင်းနံ့ဟာ အဲဒီလူကိုယ့်အနားမှာမရှိတော့ရင်တောင် အငွေ့အသက်လေးတွေအဖြစ်ကျန်ရစ်နေစေနိုင်တာမို့ ပဲရစ်သူလေးတွေက ကိုယ့်စတိုင်နဲ့လိုက်ဖက်ညီမယ့်ရေမွှေးကို ဂရုတစိုက်ဆွတ်တတ်ကြပါတယ်။

Source: Pinterest