အားလုံးပဲ မင်္ဂလာပါ၊ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ Hwayugi ဇာတ်ကားလေးကို အားလုံးမှတ်မိကြဦးမှာပါနော်။ အဲ့ဒီအထဲက ဝူခုန်းချောချောလေးအဖြစ်သရုပ်ဆောင်တဲ့ Lee Seung-Gi ကိုလည်း မိန်းကလေးတွေ မေ့ဦးမှာမဟုတ်ပါဘူး။ သူက ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားပါတယ်။

၂၀၀၉ ခုနှစ်မှာ ထုတ်လွှင့်ပြသတဲ့ Brilliant Legacy ၊ ၂၀၁၀ ခုနှစ်မှာ My Girlfriend Is A Nine-tailed Fox ၊ ၂၀၁၂ ခုနှစ်မှာ The King 2 Hearts ၊ ၂၀၁၃ ခုနှစ်မှာ Gu Family Book ၊ ၂၀၁၄ ခုနှစ်မှာ You’re All Surrounded နဲ့ အခုနောက်ဆုံးရိုက်ကူးထားတဲ့ A Korean Odyssey (Hwayygi) ဇာတ်ကားတွေထဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အောင်မြင်တဲ့ဇာတ်လမ်းတွဲတွေအဖြစ် လူကြိုက်များပါတယ်။

အနုပညာမှာလည်း ထူးချွန်ပြောင်မြောက်သလို ပညာရေးနဲ့ ပတ်သက်ရင်လည်း ပြောစရာမလိုအောင် ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Dongguk တက္ကသိုလ်ကနေပြီးတော့ နိုင်ငံတကာကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဘာသာမှာ ထူးချွန်ပြောင်မြောက်စွာနဲ့ ဘွဲ့ရခဲ့ပြီး ဂုဏ်ထူးတန်းတက်ရောက်ခွင့်ရခဲ့သူပါ။ အဲ့ဒီနောက်မှာ ကူးသန်းရောင်းဝယ်ရေးသီအိုရီဘာသာအပြင် ဘဏ္ဍာရေးနှင့်ယဉ်ကျေးမှုပိုင်းဆိုင်ရာဘာသာရပ် နှစ်ခုမှာ မဟာတန်းဆက်လက်တက်ရောက်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်၊ သူ့အသက် ၁၇ နှစ်ခန့်မှာ အဆိုတော် Lee Sun-hee ကနေပြီးတော့ သူ့ကို အဆိုတော်လုပ်ဖို့ ကမ်းလှမ်းခဲ့ပြီး ၂ နှစ်ကြာထရိန်နင်ဆင်းခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးသီချင်းခွေ The Dream Of A Moth ထဲက Because You’re My Girl သီချင်းနဲ့ အရမ်းကိုပေါက်သွားပြီး လူကြိုက်များခဲ့ပါတယ်။

အဲ့ဒီလိုကနေ အဆိုတော်အလုပ်ကို လုပ်ရင်းလုပ်ရင်းနဲ့ ၂၀၀၆ ခုနှစ်မှာ သရုပ်ဆောင်ဘက်ကိုပါ ကူးပြောင်းလာခဲ့ပါတယ်။ Nonstop 5 ထဲမှာ (၂၀၀၅ ခုနှစ်) ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်အားဖြည့်ရင်းနဲ့မှ ၂၀၀၆ ခုနှစ်မှာတော့ The Infamous Chil Sisters ဆိုတဲ့ ဒရမ်မာကားထဲမှာ တရားဝင်ပွဲဦးထွက် ကားရိုက်လာတာပါ။

တဖြည်းဖြည်းအောင်မြင်လာရာကနေ ၂၀၀၇ ခုနှစ်မှာတော့ အစီအစဉ်တင်ဆက်သူအဖြစ်ပါ လုပ်ကိုင်လာပါတယ်။

အနုပညာလုပ်ငန်းတွေနဲ့ လုံးပမ်းနေရတဲ့အချိန်မှာပဲ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်မှုထမ်းတာဝန်နဲ့ စစ်ထဲဝင်ရောက်ခဲ့ရပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှာ စစ်မှုထမ်းတာဝန်ကို အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

မိမိကျရာ ဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် ရုပ်ရှင်ထူးချွန်ဆုအမြောက်အမြားကို ဆွတ်ခူးရရှိခဲ့တဲ့ မင်းသားတစ်လက်ပါပဲ။ သူ့ကိုအားပေးနေကြတဲ့ ချစ်ပရိတ်သတ်တွေကရော သူ့ကိုဘာဖြစ်လို့ကြိုက်နှစ်သက်ကြတာလဲဆိုတာကို ပြောခဲ့ကြဦးနော်။ နောက်ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲအသစ်တွေမှာလည်း Lee Seung-gi လေးကို ဆက်လက်အားပေးဖို့ မမေ့နဲ့ဦးနော်။

Source : Pinterest.com