မိတ်ကပ်မလိမ်းဘဲ ဒီတိုင်းလေးနေရင်တောင် လှနေတာမျိုးက မိန်းကလေးတိုင်းလိုချင်တဲ့အရာမျိုးပါပဲ။ အသားအရေလှပပြီး အပြစ်အနာဆာကင်းကင်းလေးနဲ့ လှနေတဲ့ကောင်မလေးဆိုရင် မိန်းကလေးချင်းတောင် သဘောတွေ့ချင်စရာပဲလေ။ ဒီလိုအသားအရေမျိုးကို ပိုင်ဆိုင်ရဖို့ဆိုတာလည်း မပျင်းမရိပဲနဲ့ သေသေချာချာဂရုစိုက်နိုင်မှ အဆင်ပြေမှာပေါ့။ မိတ်ကပ်တွေတောင်လိမ်းစရာမလိုတော့ပဲ အမြဲတမ်းလှပနေချင်တယ်ဆိုရင်တော့ ဒီအချက်တွေကိုလုပ်ကြည့်ပါနော်။

မနက်ပိုင်းမှာလည်း Face Mask သုံးပေးပါ

အချိန်ရတယ်ဆိုရင် မနက်ပိုင်းအိပ်ရာကနေနိုးလာပြီး မျက်နှာသန့်စင်ပြီးသွားပြီဆိုရင် အသားအရေကိုချောမွေ့ပြီး ကြည်လင်သွားစေဖို့ Face Mask လေးကပ်ပေးထားလိုက်မယ်ဆိုရင် အသားအရေကိုတင်းတင်းရင်းရင်းလေးနဲ့ အပြင်သွားတဲ့အခါမှာလည်း ကောင်းမွန်တဲ့အသားအရေမျိုးနဲ့ လှပနေနိုင်မှာပဲဖြစ်ပါတယ်။

မျက်ခုံးမွှေးလေးတွေ လှပနေဖို့

မျက်ခုံးမွှေးလေးတွေက လှပပြီးကြည့်ကောင်းနေမှလည်း သင့်ကိုသဘာဝအတိုင်းလှပတယ်လို့ မြင်တွေ့ရစေမှာပါ။ မျက်ခုံးမွှေးပါးတယ်ဆိုရင်လည်း မျက်ခုံးမွှေးကိုကြည့်ကောင်းပြီး လိုက်ဖက်မှုရှိအောင်ဆွဲတတ်ဖို့လိုအပ်ပြီး မျက်ခုံးမွှေးရှိပြီးသားဆိုရင်လည်း သပ်သပ်ရပ်ရပ်လေးဖြစ်နေအောင် လုပ်ပေးသင့်တယ်နော်။

အစိုဓာတ်ထိန်းခရင်မ်

သင့်မျက်နှာလေးကို မိတ်ကပ်တွေမလိမ်းဘူးဆိုရင်တောင် အစိုဓာတ်ထိန်းခရင်မ်လေးတော့ လိမ်းထားပေးသင့်ပါတယ်။ အသားအရေကိုလည်း စိုပြေစေပြီး ကြည့်လိုက်ရင်လည်း စိုစိုပြေပြေလေးနဲ့ဆိုတော့ သဘာဝတိုင်းလေးပဲလှပနေစေမှာပေါ့။

မျက်တောင်လေးတွေအတွက်

ပျိုမေတို့ရဲ့မျက်တောင်လေးတွေကို သဘာဝတိုင်းပဲကြည့်ကောင်းနေစေပြီး လှပနေချင်တယ် Mascara တွေနဲ့လည်းမလုပ်ချင်တော့ဘူးဆိုရင်တော့ Vaseline ကိုအစားထိုးပြီး မျက်တောင်လေးတွေကို ကော့ပေးလို့ရပါတယ်။ မျက်တောင်လေးတွေကို သပ်သပ်ရပ်ရပ်နဲ့ပဲ လှပပြီးသဘာဝကျနေမှာပဲဖြစ်ပါတယ်။

နှုတ်ခမ်းလေးတွေ

နှုတ်ခမ်းလေးတွေကလည်း သဘာဝကျကျနဲ့လှပနေဖို့လိုပါတယ်။ ပျိုမေတို့ရဲ့ နှုတ်ခမ်းလေးတွေကို ချောမွေ့နေအောင်လုပ်ဖို့က အရေးကြီးတာပေါ့။ သကြားကိုပျားရည်လေးနဲ့ရောပြီး နှုတ်ခမ်းသားတွေမှာပွတ်ပြီးလိမ်းပေးမယ်ဆိုရင်တော့ နူးညံ့တဲ့နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်ပြီးလှပနေမှာပဲဖြစ်ပါတယ်။

ဒီအချက်တွေကို လိုက်နာပြီးပုံမှန်လေးလုပ်ပေးသွားမယ်ဆိုရင်တော့ မိတ်ကပ်မလိမ်းရင်တောင် လှပပြီးလူအများကအားကျရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားစေမှာ အသေချာပဲနော်။

Photo Source: Pexels