မင်္ဂလာပါ ပျိုမေတို့ရေ… လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ အားလုံးကသတ်မှတ်ထားကြတဲ့ ဆံပင်ကလည်း မျက်နှာအချိုးအစားနဲ့ လိုက်ဖက်မှုရှိနေဖို့ကလည်း လိုအပ်ပါသေးတယ်။ သူများနဲ့လိုက်တဲ့ဆံပင်ပုံမျိုးကို ကိုယ်ကလိုက်ညှပ်ပြီးမှ မလိုက်ဖက်နေတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ တကယ်တော့ မျက်နှာအချိုးအစား၊ ပုံစံကိုလိုက်ပြီးတော့ ဆံပင်ကိုညှပ်မှလည်း လိုက်ဖက်မှုရှိတယ်ဆိုတာကို ပျိုမေတို့သိထားဖို့တော့လိုမယ်နော်။

သူများနဲ့လှလို့လိုက်ညှပ်ရင်းကနေ ပိုပြီးတော့ရုပ်ဆိုးသွားတာမျိုးတွေ မဖြစ်စေဖို့ ဒါတွေကိုသိထားသင့်ပါပြီနော်။

ဘဲဥပုံစံမျက်နှာသွင်ပြင်

လှပတဲ့မျက်နှာအချိုးအစားမျိုးလို့ပြောလို့ရပါတယ်။ ဘဲဥလိုမျိုးရှည်ရှည်လုံးလုံးလေး ဖြစ်နေတဲ့မျက်နှာအနေအထားကို ပိုင်ဆိုင်ထားရတဲ့ပျိုမေတို့ကတော့ ဘယ်လိုဆံပင်ပုံစံမျိုးနဲ့မဆို လိုက်ဖက်မှုရှိတယ်လို့ဆိုလို့ရပါတယ်။ အလိုက်ဖက်ဆုံးနဲ့ ပိုပြီးတော့လှပသွားစေမယ့် ဆံပင်ပုံစံမျိုးကတော့ အလယ်အလတ်ဆံပင်ပုံစံမျိုး၊ ဆံပင်အကောက်ပုံစံမျိုးလေးတွေက ပိုပြီးတော့လိုက်ဖက်မှုရှိစေပါတယ်နော်။

စက်ဝိုင်းပုံစံမျက်နှာ

လုံးဝိုင်းတဲ့မျက်နှာအချိုးအစားမျိုးကို ပိုင်ဆိုင်ထားရပြီလား။ ဒီလိုဆိုရင်တော့ မျက်နှာကိုရှည်ရှည်သွယ်သွယ်လေးလို့ထင်ရစေမယ့် ဆံပင်ပုံမျိုးကိုထားဖို့လိုအပ်လာပြီပေါ့။ ကိုယ့်မျက်နှာအချိုးအစားမျိုးက ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ဝိုင်းဝိုင်းလေးဖြစ်နေမယ်ဆိုရင် ဆံပင်ကိုရှည်တဲ့ပုံစံမျိုးထားမှပဲ အဆင်ပြေစေမှာပါ။ ရှည်ရှည်ဖြောင့်ဖြောင့်ဆံပင်ဒီဇိုင်းမျိုးက မျက်နှာဝိုင်းတဲ့သူတွေနဲ့ပိုပြီးတော့ လိုက်ဖက်မှုရှိစေပါတယ်။

လေးထောင့်ကျတဲ့မျက်နှာအချိုးအစားမျိုး

တစ်ချို့ကတော့ လေးထောင့်ဆန်ဆန်မျက်နှာ ပုံစံမျိုးကိုပိုင်ဆိုင်ထားကြတဲ့သူတွေလို့ဆိုလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ပါးရိုးတွေ၊ မေးရိုးတွေကပုံမှန်ထက်ကိုပိုပြီးတော့ ရှည်လျားနေတာတွေကြောင့် လေးထောင့်ကျတယ်လို့ပြောလို့ရတာပေါ့။ ဒီလိုမျိုးမျက်နှာပိုင်ရှင်တွေအတွက် လိုက်ဖက်တဲ့ဆံပင်ပုံစံတွေက ဆံပင်ထူထူရှည်ရှည်၊ ဆံပင်ကိုပြေပြေလေး ကောက်ထားထားမျိုးတွေက မျက်နှာအလှကိုပိုပြီးပေါ်လွင်သွားစေမှာပဲဖြစ်ပါတယ်။

တြိဂံပုံစံမျိုးမျက်နှာ

ဒီလိုမျက်နှာအမျိုးအစားကတော့ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ Vshape ပုံစံမျက်နှာမျိုးတွေပေါ့။ မေးရိုးချွန်ချွန်လေးနဲ့ဆိုတော့ မျက်နှာကိုပိုဆွဲဆောင်မှုရှိသွားပြီး ဒီလိုမျက်နှာမျိုးနဲ့ လိုက်ဖက်မယ့်ဆံပင်ပုံစံမျိုးကို ထားဖို့ကလည်းလိုအပ်ပါသေးတယ်နော်။ နှဖူးနေရာကိုပိုပြီးတော့ လှပသွားစေဖို့အတွက် ရှေ့ဆံပင်ညှပ်တာကပိုပြီးတော့ အရေးကြီးပါတယ်နော်။

မျက်နှာအချိုးအစားနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံမျိုးကို ညှပ်ထားပေးမှ မျက်နှာအလှကိုလည်းပိုပြီးတော့ ပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိရှိနဲ့လှပနေမှာပဲဖြစ်ပါတယ်နော်။

Photo Source: Headcurve