ဖူးစာဆုံလာရင် ဘယ်လိုပဲ ကာကွယ်ပုန်းရှောင်နေပါစေ။ ရှောင်လွှဲလို့မရပါဘူး။ အိမ်ထောင်တစ်ခု ရေရှည် တည်မြဲအောင်လို့ မိဘဆွေမျိုး အကြီးအကဲများနဲ့ ပတ်ဝန်းကျင်က ဝိုင်းဝန်းသွန်သင်ပေးတတ်ကြပါတယ်။ မင်္ဂလာဦးသြဝါဒဆိုပြီးလည်း လူကြီးသူမတွေ ပြောကြားလေ့ရှိပါတယ်။ အိမ်ထောင်သက်ရင့်သူ အများစုကတော့ ပူပူနွေးနွေး ကြင်စဦးတို့ကို ဒီလိုအကြံဉာဏ်တွေ ပေးတတ်ကြပါတယ်။

ငြင်းခုန်ပါ။ ကိုယ့်ဘက်ကချည်း အနိုင်ရရန် မငြင်းပါနဲ့။ သင်တို့နှစ်ယောက်ကတစ်ဖက် ပြဿနာကတစ်ဖက် ငြင်းခုန်ခြင်း ဖြစ်ပါစေ။

မတွက်ကပ်ပါနဲ့။ ပန်းကန်ဆေးတာ အဝတ်လှန်းတာ မိန်းမကပဲလုပ်ရမယ့်အလုပ်လို့ ဘယ်သူမှမပြောခဲ့ပါဘူး။

အိမ်ထောင်သည်ဘဝရောက်လာပေမယ့် သမီးရည်းစားဘဝကလို နွေးနွေးထွေးထွေးနေပါ။

စိတ်ဆိုးလို့ ရန်ဖြစ်မိရင်တောင် ကိုယ့်အိမ်ထောင်ဘက်ကို ရင့်သီးတဲ့ အသုံးအနှုန်း မသုံးမိပါစေနဲ့။ မယူခင်က ချစ် တွေ သဲ တွေ လုပ်ပြီး ယူပြီးမှ ပြိတ္တာမတွေ ဂုစ္ဆာမတွေ မပြောမိအောင် ရှောင်ပါ။

လူပုံအလယ်မှာ ကိုယ့်အိမ်ထောင်ဘက်ကို မြှောက်စားပါ။ ကိုယ့်ကြောင့် သူဂုဏ်တက်ရင် သူ့ကြောင့်လည်း ကိုယ်ဂုဏ်တက်မှာပါ။

အသေးအဖွဲလေးတွေကအစ မမေ့ပါနဲ့။

အလုပ်သွားခါနီးတိုင်း ချစ်တယ်ပြောတာမျိုး။ ထမင်းပန်းကန်လှမ်းပေးတဲ့အခါ ကျေးဇူးပါလို့ ပြောတာမျိုးတွေက ပိုပြီး ပိုပြီး ချစ်လာစေမှာပါ။

အမြဲတမ်းနားထောင်ပါ။

ကိုယ့်အိမ်ထောင်ဘက်ပြောတဲ့စကားကို အလေးအနက်ရှိပါ။ စိတ်ပျော်လို့ ဝေမျှတာဖြစ်ဖြစ် ဒုက္ခရောက်လို့ တိုင်ပင်တာဖြစ်ဖြစ် နားထောင်ပြီး အကောင်းဆုံး ကူညီပါ။ တစ်ဘဝလုံး သူနဲ့လက်တွဲလျှောက်ဖို့ ရွေးထားတာပဲ မဟုတ်လား။

ဂရုစိုက်ပါ။

အလုပ်ကအပြန် မုန့်လေးဝယ်လာပေးတာ။ နှစ်ယောက်အားတဲ့အချိန်လေးမှာ လေညင်းခံထွက်တာ။ အိမ်မှာ ဟင်းအတူတူချက်တာလိုမျိုး အပြူအမူလေးတွေက သင့်ကို အမှတ်တက်စေပါတယ်။ အထိမ်းအမှတ် နေ့လေးတွေကိုလည်း သတိတရရှိပေးပါ။

သင်က စိန်လက်စွပ်မပေးနိုင်ရင်တောင် နှင်းဆီပန်းတစ်ပွင့်တော့ ပေးနိုင်မှာပါ။

တိုက်ပွဲဝင်နေတာမဟုတ်ပါ။

သင်ဟာ စစ်မြေပြင်ရောက်နေတာ မဟုတ်ပါဘူး။ လက်ဝှေ့ထိုးနေတာလည်း မဟုတ်သလို ဓားချင်းယှဉ်ခုတ်နေတာလည်း မဟုတ်ပါဘူး။ အိမ်ထောင်ရေးမှာ အမြဲနိုင်ချင်နေလို့ မရပါဘူး။

ဒါကြောင့် သင့်လက်တွဲဖော်နဲ့ အပေးအယူမျှပါ။ ရှေ့သွားနောက်လိုက် ညီပါစေ။

ဦးစားပေးပါ။

သင်က သူ့ကို ဦးစားပေးရင် သူက သင့်ကို ပြန်ဦးစားပေးမှာ သေချာပါတယ်။ သူလိုအပ်တာကို သင်က အလိုက်တသိ ဖြည့်ပေးရင် သင်လိုအပ်လာတဲ့အခါ သင့်အတွက် ပြဿနာမရှိတော့ပါဘူး။ သူက သင့်ကို ပြန်လည်ဖြည့်ဆည်းပေးမှာပါ။