အားလုံးပဲ မင်္ဂလာပါ။ ကလေးငယ်များ အမှားတစ်ခုခုကျူးလွန်မိတဲ့အခါ မိဘတွေအနေနဲ့ အပြစ်ပေးဆုံးမတတ်ကြပါတယ်။ တစ်ချို့ဒေါသကြီးတဲ့ မိဘတွေဆိုရင် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဘဲ စိတ်လိုက်မာန်ပါဆုံးမတတ်တာကြောင့် ကလေးတွေရဲ့ အပြစ်နဲ့ထိုက်တန်တာထက် ပိုပြီးအပြစ်ပေးမိတတ်ကြပါတော့တယ်။

အဲ့ဒီလိုဆုံးမလိုက်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကလေးငယ်တွေက လူတောမတိုးတော့ဘဲ ကြောက်စိတ်ကြီးဝင်လာပါတော့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်၊ ယုံကြည်စိတ်တွေ ကင်းမဲ့သွားပြီး မိမိကိုယ်ကို သိမ်ငယ်စိတ်ဝင်လာပါတော့တယ်။ ဒါ့ကြောင့် မိဘတွေ၊ ဦးလေး၊ အဒေါ်တွေအနေနဲ့ သားသားမီးမီးလေးတွေ အပြစ်ကျူးလွန်မိရင် ဘယ်လိုနည်းမှန်လမ်းမှန်ဆုံးမသင့်သလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

ကလေးလေးက ရည်ရွယ်ပြီး လုပ်လိုက်တာမဟုတ်ဘူးဆိုရင် အပြစ်မပေးပါနဲ့၊ မဆူပါနဲ့။

ကလေးငယ်လေးတွေရဲ့ သဘာဝက စူးစမ်းလိုစိတ်များပါတယ်။ သူတို့မှာ တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာလိုစိတ်မရှိတဲ့အတွက်ကြောင့် မရည်ရွယ်ဘဲနဲ့ အမှားကျူးလွန်မိတယ်ဆိုရင် သေချာနားလည်အောင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးလိုက်ပါ။

ကလေးတွေကို ဆုံးမတဲ့အခါ ကိုယ်ထိလက်ရောက်ဆုံးမတာမျိုး၊ အော်ငေါက်တာမျိုး မလုပ်ဘဲ မိမိဒေါသနဲ့စိတ်ခံစားချက်ကို တတ်နိုင်သမျှ ချုပ်တည်းထားပါ။

အများရှေ့မှာ အော်ငေါက်ဆုံးမပြီး အပြစ်ပေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

အများရှေ့မှာ အပြစ်ပေးမိတဲ့အခါ ကလေးတွေက အရှက်ခွဲခံလိုက်ရလေခြင်းဆိုတဲ့စိတ်ခံစားချက်များ ကိန်းအောင်းသွားပြီး တူညီတဲ့အမှားကို ထပ်တလဲလဲကျူးလွန်ဖို့ ဝန်မလေးကြတော့ပါဘူး။

ကလေးငယ်များ ကြောက်အောင်ဆိုပြီး ခြိမ်းခြောက်ခြင်းမျိုး မပြုလုပ်သင့်ပါဘူး။

ကလေးနှစ်ယောက်ရန်ဖြစ်လို့ ဘယ်သူ့မှာ အပြစ်ရှိမှန်းမသိတဲ့အခါ နှစ်ယောက်စလုံးကို အပြစ်ပေးပါ။

အခြေအနေမှန်ကို နားမလည်ဘဲ တစ်ယောက်တည်းကိုပဲ အပြစ်ပေးတဲ့အခါ အဆူခံ၊ အပြစ်ပေးခံရတဲ့ကလေးက အခြားတစ်ယောက်ရဲ့ နိုင်ထက်စီးနင်းပြုကျင့်ခြင်းကို အမြဲတမ်းခံနေရတော့မှာပါ။

ကလေးငယ်ရဲ့ ဝါသနာနဲ့ အကြိုက်ပေါ်မူတည်ပြီး အပြစ်ပေးပါ။

သားသားမီးမီးက အမှားသေးသေးလေးပဲ ကျူးလွန်ထားတာကို အပြစ်ကြီးကြီးပေးတာမျိုးကလည်း မသင့်တော်ပါဘူး။ တကယ်လို့ ဂိမ်းဆော့တာကို ကြိုက်တယ်ဆိုရင် သူတို့ဂိမ်းဆော့တဲ့အချိန်ကို လျော့ချလိုက်ပါ။

ကြမ်းတမ်းရုန့်ရင်းတဲ့စကားများကို အသုံးပြုပြီး မဆူပါနဲ့။

ရုန့်ရင်းကြမ်းတမ်းတဲ့စကားများက ကလေးငယ်တွေရဲ့နုနယ်တဲ့စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် သမီးမိန်းကလေးတွေက ပိုဆိုးပါတယ်။ သူတို့က ထိုစကားများကို မှတ်သားထားတတ်ကြပါတယ်။ အချိန်ကြာလာတဲ့အခါ သူတို့ရဲ့ ကြောစိတ်က တဖြည်းဖြည်းကြီးထွားလာတတ်ပါတယ်။

သားသားမီးမီးလေးတွေ ကြီးပြင်းလာတဲ့အခါ လူပုံအလယ်မှာ ရဲရဲရင့်ရင့်နဲ့ မိမိကိုယ်ကို Confident အပြည့်ရှိဖို့၊ တစ်ယောက်ယောက်က ကိုယ့်အပေါ်စော်ကားလာတဲ့အခါ ကြောက်စိတ်နဲ့ ငြိမ်ခံမနေတတ်ဖို့၊ ကိုယ်မှန်နေရင် သတ္တိရှိဖို့စသည်ဖြင့် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပြီး မိမိကိုယ်ကို တန်ဖိုးထားတတ်ဖို့ဆိုတာ မိဘတွေအပေါ်မှာ အများကြီးမူတည်နေတာကြောင့် အခုဖော်ပြသွားတဲ့အချက်တွေကို မဖြစ်မနေလိုက်နာပေးသင့်ပါတယ်။

Source: Brightside.me