အိုင်ရှဲဒိုးခြယ်ရင်ကောင်းလား၊ အနီရင့်ရင့်နှုတ်ခမ်းနီဆိုးရင်ကောင်းမလား ပန်းနုရောင်နှုတ်ခမ်းနီပဲ ဆိုးရင်ကောင်းမလား။ ရုံးသွားရုံ ကျောင်းသွားရုံလောက်နဲ့ မိတ်ကပ်ထူထူကြီးတွေ လိမ်းတာကလည်း မသင့်တော်ဘူးဆိုတော့ မျက်တောင်ကော့ဆေးပဲ သုံးရင်ကောင်းမလား စတဲ့မေးခွန်းပေါင်းများစွာကို ပျိုမေလေးတွေ အိပ်ရာထပြီဆိုတာနဲ့ ကြုံတွေ့ကြရတော့တာပေါ့။

အဲ့ဒီမေးခွန်းလေးတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် သဘာဝဆန်ဆန်မိတ်ကပ်ကို ဘယ်လိုပြင်ဆင်ခြယ်သသင့်လဲဆိုတာကို ပျိုမေလေးတို့ကို လက်တို့ပြီးပြောပြလိုက်တယ်နော်။

မိတ်ကပ်မကွက်ဘဲ ပြီးပြည့်စုံပြီး ညီညီညာညာဖြစ်အောင် ပြင်ဆင်ခြယ်သမယ်

အသားအရောင်ညီညာနေဖို့အတွက် ဖောင်ဒေးရှင်းသုံးခြင်း၊ ပေါင်ဒါနဲ့ ကွန်စီလာတို့အသုံးပြုပေးရပါမယ်။ ဖောင်ဒေးရှင်းကို အရောင်ရင့်ရင့်မသုံးပါနဲ့။ ကွန်စီလာကိုကျတော့ ဖောင်ဒေးရှင်းအရောင်ထက်ဖျော့တာကို ရွေးချယ်ပါ။ ဒါပေမဲ့ တစ်ဆင့်ထက်ပိုပြီး မဖျော့ပါစေနဲ့။

မျက်ခုံးမွှေးထူထူလေးများ

မျက်ခုံးမွှေးဆွဲတဲ့အခါ အရင်ဆုံးအနားသတ်ကို မျက်ခုံးမွှေးဆွဲတံနဲ့ အရင်ဆွဲပါ။ အတွင်းထဲကို ဖြည့်တဲ့အခါမှာတော့ အိုင်းရှဲဒိုး၊ အိုင်းလိုင်နာခဲတံ၊ မျက်တောင်ကော့ဆေးတို့ကို အသုံးပြုပါ။ သတိထားရမှာကတော့ မျက်ခုံးမွှေးအရောင်က ဆံပင်အရောင်နဲ့ လိုက်ဖက်မှုရှိရပါမယ်။

မျက်လုံးကို ထင်းခနဲပေါ်အောင် ခြယ်သမယ်

အညိုရောင်အိုင်းလိုင်နာ (သို့) အိုင်းရှဲဒိုးအညိုရောင်ကို မျက်တောင်မွှေးလေးတွေရဲ့အရင်းမှာ လိမ်းပေးပါ။ ပြီးရင် ဘရက်ရှ်အသုံးပြုပြီး ပျံ့နှံ့သွားအောင် ပြုလုပ်ပါ။ မျက်ခွံပေါ်ကိုတော့ သဘာဝဆန်တဲ့အရောင်နုလေး လိမ်းကျံလိုက်ပြီးတော့ မျက်တောင်မွှေးလေးတွေကိုတော့ အညိုရောင် (သို့) အမဲရောင်မျက်တောင်ကော့ဆေး လိမ်းခြယ်လိုက်ပါ။

နှုတ်ခမ်းနီဆိုးဖို့ မမေ့ပါနဲ့

သဘာဝဆန်တဲ့ မိတ်ကပ်ပြင်ဆင်မယ်ဆိုပြီး အရောင်မရှိတဲ့နှုတ်ခမ်းနီအဆီပဲ တမင်ရွေးချယ်ပြီးမဆိုးပါနဲ့။ နှုတ်ခမ်းနီချောင်းနဲ့ နှုတ်ခမ်းကို တိုက်ရိုက်မထိတွေ့စေဘဲ လက်ချောင်းလေးနဲ့ နှုတ်ခမ်းနီကို ယူပြီး နှုတ်ခမ်းပေါ်မှာ အသာအယာလိမ်းပေးခြင်းက သဘာဝပိုဆန်ပါတယ်။

ပါးနီခြယ်မယ်

ပန်းရောင်ခြည်းပဲ သိသိသာသာပေါ်လွင်နေတဲ့ ပါးနီဆိုးခြင်းကို ရှောင်ကြဉ်ပါ။ ထုံးခြောက်ရောင်နဲ့ပန်းရောင်ရောစပ်ထားတဲ့ ပါးနီကသာ သဘာဝဆန်တဲ့မိတ်ကပ်ပြင်ဆင်မှုမျိုး ရရှိအောင်ကူညီပေးပါတယ်။ ပါးနီခြယ်တဲ့အခါမှာလည်း သင်ရယ်လိုက်တဲ့အခါ ဖောင်းလာတဲ့နေရာမျိုးကိုသာ လိမ်းခြယ်ပေးပါ။

ဆံကေသာအနက်ရောင် ပိုင်ရှင်များအတွက်

ဆံပင်မဆိုးထားတဲ့ပျိုမေလေးတွေကတော့ အမဲရောင် အိုင်လိုင်နာလိမ်းခြယ်ပြီး သဘာဝကျကျလှပနိုင်ပါတယ်။ ချယ်ရီသီးရောင်နှုတ်ခမ်းနီများ ဆိုးပေးပါ။

ဆံပင်ဆေးဆိုးထားသူများအတွက်

ရွှေအိုရောင် ဆံပင်ပိုင်ရှင်များ၊ ကော်ဖီရောင်၊ ဝါညိုရောင်ဆိုးထားသူများအနေနဲ့ကတော့ မျက်ခုံးမွှေးကို အညိုဖျော့နဲ့ ဆွဲပေးရမှာဖြစ်ပြီး နှုတ်ခမ်းကိုတော့ ပန်းရောင်အဖျော့ဆိုးပေးရပါမယ်။

Source: Brightside.me