အားလုံးပဲ မင်္ဂလာပါ။ ဝမ်းဗိုက်က အဆီပိုတွေကြောင့် စိတ်ညစ်နေပါသလား။

Gym ခန်းမဆီသွားပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေ၊ Gym ကို တစ်လ တစ်လပေးနေရတဲ့ လစဉ်ကြေးကို နှမြောတဲ့သူတွေအတွက် ကိုယ့်အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

Yoga လေ့ကျင့်ခန်းတွေဆိုတော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလိုမျိုး ပင်ပင်ပန်းပန်း ချွေးတလိမ်းလိမ်းနဲ့ လုပ်စရာမလိုပါဘူးနော်။

ပုံစံ (၁)

လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ ခါးမတ်မတ်နဲ့ ခြေထောက်ဆန့်ထိုင်ထားပါ၊ ခြေချောင်းလေးတွေက မျက်နှာကြက်ပေါ် ထောင်ထားရပါမယ်။ အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး လက်ချောင်းများကို တံတောင်ဆစ်မကွေးဘဲနဲ့ အပေါ်သို့ ဆန့်တန်းလိုက်ပါ။ ပြီးရင် အသက်ရှုထုတ်လိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်က ခြေချောင်းလေးတွေကို လှမ်းကိုင်လိုက်ပါ။ ခေါင်းက ဒူးခေါင်းပေါ်မှာ ရှိနေရပါမယ်။ ခြေချောင်းလေးတွေကို ထိမိပြီဆိုတာနဲ့ အနောက်ကို လှမ်းဆွဲလိုက်ပါ။ အဲ့ဒီအနေအထားအတိုင်း စက္ကန့် ၆၀ ကနေ စက္ကန့် ၉၀ အထိ ပြုလုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းလေးကို ၁၀ ကြိမ်ကနေ ၂၅ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့ရက်များလာပြီဆိုရင် ငါးမိနစ်နဲ့ ငါးမိနစ်အထက်အထိ ရနိုင်သလောက် အချိန်များများ ပြုလုပ်ပေးပါ။

ပုံစံ (၂)

လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးဘက်မှာထားပါ၊ လက်ဖဝါးအနေအထားကို ပုံမှာပြထားတဲ့အတိုင်းထားပါ။ ခြေဖနောင့်နှစ်ခုကို ထိကပ်ထားပါ။ အသက်ပြင်းပြင်း ရှုသွင်းလိုက်တဲ့အချိန်မှာ ခြေထောက်ကို ၄၅ ဒီဂရီထောင်မတ်နေအောင် ထားထားပါ။ အဲ့ဒီ အနေအထားအတိုင်း ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ အထိ ပြုလုပ်ပါ။ ၄၅ ဒီဂရီ ထောင်မတ်ပြီးတာနဲ့ ပုံမှာ ပြထားတဲ့အတိုင်း ၉၀ ဒီဂရီ ထပ်ထောင်မတ်လိုက်ပါ။ အဲ့ဒီအနေအထားကို စက္ကန့် ၆၀ ခန့် ပြုလုပ်ပေးပါ။ အဲ့ဒီလိုပြုလုပ်နေချိန်မှာလည်း အသက်ကို ပုံမှန်ရှုသွင်းရှုထုတ်ပြုလုပ်ပေးရပါမယ်။ စစချင်း ပြုလုပ်တဲ့သူတွေကတော့ ဒီ Yoga ကို ၁၀ ကြိမ်ပြုလုပ်ပေးပြီး လုပ်တာကြာလာတဲ့အခါ တဖြည်းဖြည်းတိုးလုပ်ပေးပါ။ အများဆုံး အကြိမ်ရေ ၃၀ အထိ ပြုလုပ်နိုင်ပါတယ်။ အကြိမ်ရေ တစ်ခုနဲ့ တစ်ခုကြား ၁၅ စက္ကန့်ဆီ အနားပေးပါ။

ပုံစံ (၃)

လေ့ကျင့်ခန်း ပြုလုပ်တဲ့ ဖျာပေါ်မှာ ပက်လက်လှဲလျောင်းလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို အတန်ငယ်ကားထားပြီး လက်နှစ်ဖက်ကိုတော့ ခန္ဓာကိုယ်ဘေးဘက် ကပ်ထားပါ။ မျက်လုံးမှိတ်ထားမယ်။ အသက်ပြင်းပြင်း ရှုသွင်းရှုထုတ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို တောင့်မထားဘဲ ပေါ့ပေါ့ပါးပါးပဲထားပါ။ မိမိရဲ့ စိတ်က လုံးဝတည်ငြိမ်သွားတဲ့အထိ အဲ့ဒီအနေအထားအတိုင်းနေ နေပါ။ ဒီလေ့ကျင့်ခန်းကတော့ ဝမ်းဗိုက်ချပ် ချင်တဲ့သူတွေထက်စာရင် ညဘက် တော်တော်နဲ့ အိပ်မပျော်တဲ့သူ၊ တစ်ခုခုဆိုတာနဲ့ စိတ်ပူပန်တတ်၊ စိတ်လှုပ်ရှားလွယ်တတ်သူတွေအတွက် ပိုသင့်တော်ပါတယ်။

Source: Stylecraze.com