ကျွန်မတို့လူသားတွေဟာ တခြားသူကို ဝေဖန်ဆုံးဖြတ်ဖို့ဆို သိပ်လွယ်ကူကြပါတယ်။ တခြားသူကိုဝေဖန် ဆုံးဖြတ်လိုက်တဲ့အချိန်ဟာ သင်ဟာဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကို ဖော်ပြတာဖြစ်ပြီး တခြားသူတွေ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကို ဖော်ပြတာမဟုတ်ပါဘူးလို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော် စာရေးဆရာဖြစ်သူ Wayne Dyer က ပြောဖူးပါတယ်။

အခုဆိုရင် လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေတဆင့် အချင်းချင်း ဝေဖန်ပြောဆိုတာ၊ troll လုပ်တာတွေ သိပ်ကိုများနေပါတယ်။ တခြားသူတွေကို ဝေဖန်ဆုံးဖြတ်ဖို့ မတွေးခင်မှာ(သို့) တခြားသူတွေက ကိုယ့်ကို လာပြီးဝေဖန်တိုက်ခိုက်နေတဲ့အချိန်မှာ အခုပြောမယ့် နည်းလမ်း၃ ခုကို သတိရလိုက်ပါ။

၁။ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပါ။

လူဆိုတာ တခြားသူတစ်ယောက်အကြောင်းကို စတွေ့တွေ့ချင်းမှာ ဘယ်လိုမှ အပြည့်အစုံမသိနိုင်ပါဘူး။ တခြားသူကိုမတွေ့ခင် တခြားသူအကြောင်းသေချာမသိခင်မှာ ကြိုတင်ဝေဖန်မှုတွေလုပ်မယ့်အစား ခြေတစ်လှမ်းနောက်ဆုတ်ကြည့်လိုက်ဖို့သတိရပါ။

အဲဒီလို အတွေးမျိုးကို ဖယ်ရှားလိုက်ပြီး တခြားသူအကြောင်းကို လေ့လာဖို့ ပြင်ဆင်ထားပါ။ ဒါဆိုရင် သင်တခြားသူရဲ့ အပြုအမူတွေကို ချစ်တတ်လာမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ပေးတာဟာ သင့်ကိုယ်သင် တခြားသူတစ်ယောက်ကို ချစ်တတ်ဖို့ အကောင်းဆုံး သင်ယူနိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။

၂။ အကောင်းဘက်ကတွေးပါ။

သင့်ရဲ့ အတွေးတွေကို ထိန်းချုပ်မယ်ဆိုရင် တခြားသူအကြောင်းကို ပိုပြီးသိလာနိုင်သလို သင့်ကိုယ်သင်လည်း ပိုပြီးနားလည်လာမှာပါ။ မကောင်းတဲ့အတွေးအခေါ်တွေကို အကောင်းဖက်က ပြုပြင်ပြီးတွေးတောကြည့်ပါ။ သင့်ကို တခြားသူတွေက ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုပြီး ပြောတာပဲဖြစ်ဖြစ် တခြားသူကို သင်ကထင်မြင်ချက်ပေးတဲ့အခါမှာပဲဖြစ်ဖြစ် မကောင်းတဲ့အတွေးတွေကို ရှင်းထုတ်ထားလိုက်ပါ။ ကောင်းတဲ့ဖက်က အပြုသဘောဆောင်တဲ့ဖက်ကတွေးကြည့်ပါ။ လောကကြီးဟာ သာယာလှပလာမှာသေချာပါတယ်။

၃။ ကိစ္စသေးသေးလေးတွေအတွက် စိတ်အပင်ပန်းမခံပါနဲ့။

ကိုယ်က တခြားသူတွေကိုမဝေဖန်ပေမယ့် တခြားသူတွေ ကိုယ့်ကိုလာပြီး Troll လုပ်တာ တိုက်ခိုက်လာတာတွေကြုံရတဲ့အခါ ဥပေက္ခာပြုလိုက်ပါ။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အဲဒီလိုပြုမူလာရင်လည်း ban တာ (သို့) block လုပ်တာမျိုးလုပ်နိုင်ပါတယ်။ အမုန်းတရားထားသူတွေအတွက် ရင်ဘတ်မှာနေရာပေး စဉ်းစားမနေပါနဲ့။ တခြားသူတွေဟာ သင်ဘယ်လိုလူဖြစ်တယ်ဆိုတာကို မသတ်မှတ်နိုင်ပါဘူး။ ကိစ္စသေးသေးလေးတွေအတွက် ချွေးထွက်မခံပါနဲ့။